By မိုင်းရူပ၊ ရွှေဖီမြေ

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ရဲ့ လက်နက်ခဲယမ်းနဲ့ ငွေကြေးအကူအညီရပ်တန့်မှုဟာ ရှမ်းမြောက်မှာ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံနေရတဲ့ တအာင်းတပ်မတော်- PSLF/TNLA အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

PSLF/TNLA ကိုယ်စားလှယ်အပါအဝင် လက်ရှိမှာ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ်မတော်- MNDAA နဲ့ ရှမ်းပြည်တပ်မတော်- SSPP တပ်ဖွဲ့တွေကို UWSA ဘက်က ပန်ဆန်းမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

UWSA ရဲ့ ကြေညာချက်ထဲမှာ ပန်ဆန်းမြို့မှာ ခေါ်ယူတွေ့ဆုံပြီး ဝပြည်နယ် ငြိမ်းချမ်းရေးရပ်တည်ချက်နဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် TNLA၊ SSPP နဲ့ MNDAA တပ်တွေကို စစ်ရေးနှင့် သက်ဆိုင်တဲ့ လက်နက်ခဲယမ်းနဲ့ ငွေကြေးတွေကို ကူညီပေးမှု မပြုလုပ်တော့ကြောင်း ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို PSLF/TNLA ဘက်က ဒုတိယ ဥက္ကဌ- ၂ ဗိုလ်ချုပ် တားခူလန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

UWSA ရဲ့ ကြေညာချက်ထဲမှာ လက်ရှိရင်ဆိုင်နေရတဲ့ ဆိုးရွားလွန်းတဲ့ အခြေအနေတွေကြောင့်သာ ဖော်ပြထားပြီး အတိအကျကိုတော့ ဖော်ပြထားတာ မရှိသေးပါဘူး။

စစ်ရေးနိုင်ငံရေးအကဲခတ်တွေကတော့ UWSA ဘက်က တရုတ်ရဲ့ ဖိအားကြောင့် အခုလိုဆုံးဖြတ်ရတာလို့ သုံးသပ်ကြပါတယ်။

အင်အာကြီးတပ် လက်နက်ကိုင်တပ်ဖြစ်တဲ့ “ဝ” တပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်ဆံရေးရှိသလို စစ်တပ်နဲ့လည်း အပစ်ရပ်ထားပြီး ထိတွေ့ဆက်ဆံမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာလည်း ဘက်မလိုက်တဲ့ မူဝါဒကို ကိုင်စွဲထားတယ်လို့ UWSA ဘက်က မကြာခဏ ထုတ်ပြောထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်ကပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို UWSA ဘက်က စစ်ရေးကူညီမှုတွေရှိနေတယ်ဆိုကာ တရုတ်ရဲ့ ဖိအားပေးမှုတွေရှိလာပြီး “ဝ” ဒေသကနဲ့ တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ပင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

UWSA ရဲ့ ကြေညာချက်ဟာ SSPP နဲ့ MNDAA အတွက် သက်ရောက်မှုမကြီးမားပေမဲ့ လက်ရှိမှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ရှမ်းမြောက်မှာ စစ်မျက်နှာ ၂ ခု ဖွင့်နေရတဲ့ တအာင်းတပ်အတွက် ပိုပြီး အကျပ်ရိုက်စေခဲ့ပါတယ်။

TNLA ထိန်းချုပ်ဒေသမှာ စစ်တပ်ရဲ့ မြေပြင်ထိုးစစ်

စစ်တပ်နဲ့ ကိုးကန့်တပ်အကြား အပစ်ရပ်ပြီးနောက် ရှမ်းမြောက်မှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို TNLA အဖွဲ့တည်း ရင်ဆိုင်နေရတဲ့အပြင် တအာင်းတပ်ထိန်းချုပ်ဒေသမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကိုပါ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

နောင်ချိုကို စစ်တပ်ပြန်ရပြီးနောက် စစ်တပ်စစ်ကြောင်းဟာ မိုးကုတ်မြို့နယ်ဘက်ကို ဦးတည်လာပြီး နောင်ချို-မိုးကုတ် လမ်းပိုင်းပေါ်ရှိ ကျေးရွာတချို့ စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း စစ်တပ်စစ်ကြောင်းဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာပြီး ကျောက်မဲမြို့အနီး နောင်ပိန်ကျေးရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိမှာ TNLA ဘက်က စစ်မျက်နှာ ၂ ခု ရင်ဆိုင်နေရကာ တိုက်ပွဲကြာလာတဲ့အမျှ လက်နက်ခဲယမ်းနဲ့ စစ်အင်အားတွေ အကန့်အသတ်ဖြစ်လာပြီး စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ အပြင်းအထန် ဆက်လက်ခုခံနေရပါတယ်။

တရုတ်စီစဉ်ပေးတဲ့ TNLA နဲ့ စစ်တပ်ရဲ့ ဆွေးနွေးပွဲ

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ PSLF/TNLA နဲ့ စစ်တပ်အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ မကြာခဏ တွေ့ဆုံမှုတွေ ရှိနေပေမဲ့ သဘောတူညီမရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလကုန်မှာ စစ်တပ်နဲ့ TNLA ဆွေးနွေးပွဲမှာ စစ်တပ်ဘက်က TNLA အနေနဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်ဘက်ကနေ ဆုတ်ခွာပေးဖို့ ပြောခဲ့တာကြောင့် TNLA ဘက်က လက်မခံဘဲ ဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။

ဒီသြဂုတ်လထဲမှာ တရုတ်နိုင်ငံမှာ စစ်တပ်နဲ့ TNLA အကြား ထပ်မံတွေ့ဆုံဖို့ ရှိနေပြီး ဘယ်ရက်မှာ တွေ့ဆုံမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ ဒီလ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ TNLA ဘက်က ပြီးခဲ့တဲ့ ဧပြီလကုန်ဆွေးနွေးပွဲ ရပ်တည်ချက်အတိုင်းသာဖြစ်ပြီး စစ်တပ်ဘက်က မြို့တွေ ပြန်ပေးဖို့ တောင်းဆိုလာရင် ဆွေးနွေးပွဲရလဒ်ထွက်မှာ မဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ဆွေးနွေးပွဲမှာ ၂ ဖက်တပ်တွေ ရောက်တဲ့နေရာကနေ အပစ်ရပ်ဖို့၊ လေကြောင်းကနေ ဗုံးကြဲတာတွေရပ်ဖို့၊ အရပ်သားတွေကို လွတ်လပ်စွာ ဖြတ်သန်းခွင့်ပေးဖို့ TNLA ဘက်က ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေရပ်ဖို့ တရုတ်ရဲ့ ဖိအားပေးမှုကို ခံနေရတဲ့ တအာင်းတပ်အနေနဲ့ UWSA ဘက်ကလည်း လက်နက်ခဲယမ်းနဲ့ ငွေကြေးကူညီမှုတွေ ရပ်တန့်မှုကိုပါ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

TNLA ရဲ့ စစ်ရေး၊ နိုင်ငံရေးဖိအားတွေဟာ တအာင်းတပ်ဘက်က စစ်ရေးအကူအညီပေးနေတဲ့ နွေဦးတော် လှန်ရေးတပ်တွေအပေါ်မှာလည်း သက်ရောက်မှုကြီးနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

လက်ရှိအချိန်အထိ တအာင်းတပ်ဟာ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ နွေဦးတော် လှန်ရေးတပ်တွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေးဖိအားကြားက စိန်ခေါ်ချက်တွေကို ဘယ်လို ကျော်လွှားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။