ဓာတ်ပုံ – Local (ပုံဟောင်း)

By မိုင်းရူပ၊ ရွှေဖီမြေ

တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပြီးနောက် ရပ်တန့်နေတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး ပြန်စနိုင်မလားဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ဆင်ရေးပထမလှိုင်းမှာ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ရှိ အရေးပါတဲ့ ကုန်သွယ်ရေးစခန်းတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီးနောက် ရှမ်းမြောက်-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခဲ့တာ ၁ နှစ်ခွဲနီးပါး ရှိနေပါပြီ။

ဒါ့အပြင် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း လမ်းမကြီးကိုလည်း မြောက်ပိုင်းမဟာမိတ်တပ်တွေက ထိန်းချုပ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ တတိအပတ်မှာ လားရှိုးကနေ ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဝင်ရောက်လည်ပတ်နေပါတယ်။

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးဖို့ တရုတ်က ဖိအားပေးတာဟာ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေတာကြောင့် နှစ်စဥ်အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ရှုံးဆုံးနေရတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့လည်း ပါဝင်တယ်လို့ နယ်စပ်ကုန်သည်တွေက ခန့်မှန်းကြပါတယ်။

လားရှိုးမြို့ဟာ ရှမ်းမြောက် မူဆယ်-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသလို ချင်းရွှေဟော်- တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက်လည်း အရေးပါပြီး အချက်အခြာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဖြစ်လာနိုင်တဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း

လက်ရှိ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖြစ်တဲ့ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်းစန်းကျော့ နယ်စပ်ဂိတ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားပြီး ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီတပ်ကတော့ မူဆယ်မြို့ပေါ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေကိုသာ ထိန်းချုပ်နိုင်တော့တာပါ။

မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းကို ကြည့်ရင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်စတဲ့ မြို့တွေကို တအာင်းတပ်မတော် PSLF/TNLA က ထိန်းချုပ်ထားပြီး လားရှိူးမှာ စစ်ကောင်စီ၊ သိန္နီနဲ့ ချင်းရွှေဟော်မှာ ကိုးကန့်တပ်နဲ့ နမ့်ဖတ်ကာမှာ ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပြန်စဖို့ဆိုရင် စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက ကုန်သွယ်ရေးလမ်းကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ထိန်းချုပ်ထားတဲ့ တိုင်ရင်းသားလက်နက်ကိုင်တွေနဲ့ အရင်ဆုံး ညှိနှိုင်းရပါမယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ နဲ့ ၂၉ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ PSLF/TNLA အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲမှာ TNLA တပ်ထိန်းချုပ်ထားတဲ့ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကနေ စစ်ကောင်စီက ပြန်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို တအာင်းတပ်ဘက်က ပယ်ချခဲ့တာကြောင့် ဆွေးနွေးပွဲမအောင်မြင်ပဲ ပြီးဆုံးသွားပါတယ်။

စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို TNLA က လက်မခံတာကြောင့် ဖြစ်လာနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အခုလို ခန့်မှန်းပါတယ်။

“စစ်တပ်က နောင်ချို- ကျောက်မဲ- သီပေါ- လားရှိုး- ကုန်သွယ်ရေး ပြန်လုပ်ချင်တာ။ TNLA ဘက်က မလိုက်လျောဘူးဆိုရင် ချင်းရွှေဟော်-လားရှိုး-မိုင်းရယ်-တောင်ကြီးဘက် နယ်စပ်ကုန်သွယ်ရေး ပြန်လုပ်ဖို့ ပြင်ထားတယ်ပေါ့”

မူဆယ် ၁၀၅ မိုင်ရှိ အမည်မဖော်လိုတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ မန္တလေး-လားရှိုး- မူဆယ်လမ်းကြောင်းထက် မန္တလေး- လားရှိုး- ချင်းရွှေဟော်လမ်းကြောင်းကို ကုန်သွယ်မှုတွေ ဦးစားပေး ပြုလုပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် မန္တလေး- လားရှိုး- မူဆယ် လမ်းကြောင်းပေါ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ လားရှိုးမြို့လို စစ်ကောင်စီကို ပြန်ပေးတာမဟုတ်ဘဲ နယ်စပ်ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဝင်ခွင့်ပြုပြီး ကုန်သွယ်ရေးပြန်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

“ချင်းရွှေဟော် လမ်းကြောင်းက သေချာတယ်။ မူဆယ်လမ်းကြောင်းကျတော့ ကွတ်ခိုင်က TNLA၊ နမ့်ဖတ်ကာမှာက KIA ဆိုတော့ ဒီအဖွဲ့တွေနဲ့ စကားပြောဖို့ လိုမယ်။ ကွတ်ခိုင်ဘက် လမ်းကြောင်းဆိုရင် စစ်တပ်ကို အလုံးစုံ ပြန်ပေးမယ်လို့ ကျနော်မထင်ဘူး။ လက်နက်ကိုင်မဟုတ်တဲ့ ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့အဖွဲ့တွေ ပြန်ပေးဝင်မယ်လို့ ထင်တယ်”

လားရှိုး-သိန္နီ-ချင်းရွှေဟော် လမ်းကြောင်းဆိုရင် MNDAA နဲ့ စစ်ကောင်စီတပ်သာရှိပြီး လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းမှာ (လားရှိုး-သိန္နီ- ကွတ်ခိုင်- မူဆယ် (၁၀၅) လမ်းကြောင်း) TNLAနဲ့ KIA တပ်တွေပါ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဧပြီလမှာ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်ရှိတဲ့ ကိုးကန့်တပ်ရဲ့ အလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံအလံကို ပြန်တင်ကာ နယ်စပ်ကုန်သွယ်ရေး ပြန်လုပ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်ရှိ တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သွယ်မှု အခြေအနေ

လက်ရှိမှာ တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်း ၅ ခုရှိပြီး စစ်ကောင်စီတပ်ဟာ ကျိုင်းတုံကုန်သွယ်ရေးစခန်းကိုသာ ထိန်းချုပ်နိုင်တော့တာ တွေ့ရတယ်လို့ လွတ်လပ်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ စစ်တမ်းအရ သိရပါတယ်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို MNDAA က ထိန်းချုပ်ထားပြီး ကန်ပိုက်တီနဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းကို KIA က ထိန်းချုပ်ထားကာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် ကျိုင်းတုံကုန်သွယ်ရေးစခန်းကို အဓိက အသုံးပြုလာရပြီး လစဥ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ သန်းရှိကြောင်း ISP Myanmar ရဲ့ စစ်တမ်းအရ သိရပါတယ်။

ဒီကုန်သွယ်မှုဟာ မူဆယ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနဲ့ ကုန်သွယ်မှု ပမာဏထက် နည်းနေတာတွေ့ရပြီး ISP Myanmar ရဲ့ စစ်တမ်းတွေအရ ၁၀၂၇ စစ်ဆင်ရေးမစခင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှာ နေ့စဥ် ကုန်သွယ်မှုပမဏ ၁ သန်းခွဲကျော်နဲ့ မူဆယ်ကုန်သွယ်ရေးစခန်းမှာ နေ့စဥ် ကုန်သွယ်မှု ပမာဏ ၇ သန်းကျော် ရှိခဲ့ပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်း ၃ ခုရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ နယ်စပ်ကုန်သွယ်ရေးအားလုံးရဲ့ ၉၁ ရာခိုင်နှုန်းရှိတယ်လို့ ISP Myanmar က ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှာတော့ လားရှိုးကို စစ်ကောင်စီတပ်ထံ ပြန်လွှဲပေးပြီးနောက် တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်း သယ်ယူခွင့်တွေ ပြန်လည်ခွင့်ပြုခဲ့ပြီး ချင်းရွှေဟော်ဘက်က တင်သွင်းတဲ့ ကုန်တွေလည်း ပြန်လည်လက်ခံခဲ့ပါတယ်။

“တရုတ်ဘက်ကတော့ ချင်းရွှေဟော်ဂိတ်မှာ အရင်ကထက် နယ်စပ်ကုန်သွယ်ရေးလုပ်လာတယ်။ တရုတ်က ကုန်သွယ်ရေးလုပ်ဖို့ဆိုရင် ကွမ်းလုံ- ချင်းရွေဟော် လမ်းကြောင်းက အဓိက ကျတယ်။ တရုတ်ဘက်က စားသောက်ကုန်တွေ ပြန်ဝင်လို့ ချင်းရွှေဟော်မှာ ပြန်စည်လာတယ်” လို့ ကွမ်းလုံဒေသခံ မအမ်က ပြောပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကွမ်းလုံမြို့ရှောင်လမ်း စီမံကိန်းကိုလည်း ကိုးကန့်တပ်ဘက်က ပြန်လည်အကောင်အထည်ဖော်နေတယ်လို့ မအမ်က ဆိုပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လားရှိုးမြို့မှာတော့ ကုန်သွယ်ရေးတွေ ပြန်စနိုင်ပေမယ့် စစ်ဘေးဒဏ် အကြီးအကျယ်ခံခဲ့ရတာကြောင့် အရင်လိုပြန်ဖြစ်ဖို့ အချိန်ယူရမယ့်အခြေအနေလို့ ဒေသခံတွေက ပြောကြပါတယ်။

“လားရှိုးမြို့မှာဆိုရင် ဘာမှ အဆင်မပြေသေးပါဘူး။ ဘာလုပ်စားရမှန်း မသိဖြစ်နေကြတာပါပဲ။ လေယာဥ်မကြဲတော့ဘူးဆိုတဲ့စိတ်နဲ့ ပြန်လာကြတာပဲ” လို့ လက်ရှိ လားရှိုးမြို့ရဲ့ အခြေအနေကို မြို့ခံ ကိုစိုင်းက ပြောပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီ၊ MNDAA နဲ့ တရုတ်အပါအဝင် တစ်စုံတစ်ရာ ထုတ်ပြောတာ မရှိသေးပါဘူး။

MNDAA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးကတော့ နယ်စပ်ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ MNDAA ဘက်က သတင်းထုတ်ပြန်ဖို့ ရှိတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

PSLF/TNLAနဲ့ စစ်ကောင်စီတို့ရဲ့ ကူးမင်းဆွေးနွေးပွဲမှာတော့ တရုတ်နိုင်ငံဟာ ရှမ်းမြောက်မှာ တည်ငြိမ်ဖို့ လိုလားနေပြီး နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့ ပြောကြားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးကို ဘယ်အချိန်၊ ဘယ်လမ်းကြောင်းသွားမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မူဆယ် ၁၀၅ မိုင်ရှိ အမည်မဖော်လိုတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ သူရဲ့အမြင်ကို အခုလိုပဲ ပြောပြပါတယ်။

“တိုက်ပွဲကလည်း ပြင်းထန်နေတော့ ပြောဖို့တော့ ခက်သေးတယ်”။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

PSLA လက်နက်အပ်ပြီး နှစ် ၂ဝ အကြာ

အာဏာသိမ်း စစ်အစိုးရ ဖိအားပေးမှုကြောင့် တအာင်းလူမျိုးရဲ့ တော်လှန်ရေးသမိုင်း ခေတ္တ ရပ်တန့်လိုက်ရချိန်က ၂ဝဝ၅ ခုနှစ် ဧပြီ ၂၉ ရက်။

လူထုတွေကို ပိုပြီးသွေးစွန်းစေခဲ့တဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ခြင်း

လူပေါင်းထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြီး ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို နိုင်ငံတဝန်းက လူထုတွေ ဆက်လက်ခံစားနေရပါတယ်။

တရုတ်စီစဥ်ပေးတဲ့ လားရှိုးအုပ်ချုပ်သူအပြောင်းအလဲနဲ့ ဖြစ်လာနိုင်တဲ့ ရှမ်းမြောက်နိုင်ငံရေး အခင်းအကျင်း

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်အုပ်ချုပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ဖိအားကြားက စစ်အာဏာရှင် တော်လှန်ရေးမှာ TNLA ဆက်လက်ပါဝင်သွားမယ်

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် မလုပ်ဆောင်နိင်ရင် လာမယ့်မျိုးဆက်သစ်တွေမှာ စစ်ဘေးဒဏ်ကို ဆက်လက်ခံစားရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ TNLA က ထုတ်ပြောလာပါတယ်။