By မိုင်းရူပ၊ ရွှေဖီမြေ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တအာင်းတပ်မတော် PSLF/TNLA ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ နောင်ချိုမြို့ဟာ ၁ နှစ်ကျော်အကြာမှာဘဲ စစ်ကောင်စီလက်အောက် ပြန်လည်ရောက်ရှိခဲ့ပါပြီ။

ရှမ်းမြောက်ရဲ့ တံခါးပေါက်လည်းဖြစ် စစ်ရေးအရ အရေးပါတဲ့ နေရာလည်းဖြစ်တဲ့ နောင်ချိုမြို့ကို စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဗုံး ထောင်နဲ့ချီ အသုံးပြုပြီး လနဲ့ချီ ထိုးစစ်ဆင်ကာ မနေ့ ဇူလိုင် ၁၆ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောင်ချိုမြို့ကနေ ပြင်ဦးလွင်-မန္တလေးဘက်ဆင်းနိုင်သလို၊ နောင်ချို-ရပ်စောက်၊ နောင်ချို- မိုးကုတ်နဲ့ နောင်ချို-ကျောက်မဲ သွားလာနိုင်ပြီး စစ်ရေးအရ အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ်။

နောင်ချိုရဖို့ စစ်ကောင်စီ ဘယ်လိုတိုက်ယူခဲ့ရသလဲ။

စစ်ကောင်စီတပ်ဘက်က နောင်ချိုကို ပြန်ရဖို့ နောင်ချို-ရှမ်းတောင်အစပ်မှာရှိတဲ့ အမြောက်တပ်တွေ တည်ရှိရာ တောင်းခမ်းကျေးရွာနဲ့ ပြင်ဦးလွင်-နောင်ချိုလမ်း ဘန်းဘွေး၊ အုမ္မတီးကနေ အခြေပြုပြီး ထိုးစစ်ဆင်ခဲ့ရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

လက်လွှတ်ခဲ့ရတဲ့ နောင်ချိုကို ပြန်ရဖို့ လေကြောင်း၊ လက်နက်ကြီးနဲ့ မြေမြင်ထိုးစစ်တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လကစတင်ကာ တန်ပြန်ထိုးစစ်တွေ ပြန်လုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု ၁၁ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၆၀၀ နီးပါးဖြစ်ပွားခဲ့နောက် နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

နောင်ချို ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အပြောအရ TNLA နဲ့ ပူးပေါင်းတပ်တွေ ခြေကုတ်ယူတဲ့ နေရာတွေကို စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီးအသုံးပြုပြီး ဗုံးရာချီနဲ့ တိုက်ခိုက်ပြီးနောက် မြေပြင်ကနေပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးကို မိုးလိုရွာချတာ။ အဲအချိန် ကျနော်တို့ဘက်က မှောက်နေတဲ့အချိန် မြေပြင်ကနေ ထိုးလာတာ” လို့ နောင်ချိုတိုက်ပွဲမှာ ပါဝင်တိုက်သူတစ်ဦးက သူရဲ့ အတွေ့အကြုံကို ပြောပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်း မမျှတမှုတွေကြောင့် စစ်ကောင်စီရဲ့ ထိုးစစ်ကို TNLA နဲ့ ပူးပေါင်းတွေဘက်က ဟန့်တားဖို့ အခက်အခဲဖြစ်စေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“စစ်ကောင်စီက ၁၀ ယောက်သေရင် နောက်ထပ် ၁၀ ယောက် ပြန်တက်လာတယ်။ အဲလို လုပ်တာ” လို့ သူက ပြောပြပါတယ်။

ကစထမှူးကိုယ်တိုင် စစ်မြေပြင်အထိ ထွက်လာရတဲ့ နောင်ချိုတိုက်ပွဲ

အရင်က တိုက်ပွဲတွေမှာ တိုင်းစစ်ဌာနချုပ် ၄ ခုကို ကွက်ကဲရတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးတွေဟာ နောက်တန်းမှာပဲနေပြီး စစ်ဆင်ရေးတွေကို ကွပ်ကဲရတာဖြစ်တယ်လို့ စစ်ရေးလေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

နောင်ချိုတိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ အမှတ် (၂) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကိုယ်တိုင် နောင်ချိုစစ်မျက်နှာမှာ ကွက်ကဲနေတဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ ဖော်ပြကြပါတယ်။

စစ်ကောင်စီတပ်ဘက်က နောင်ချိုနဲ့ ၁၀ မိုင်အကွာ ကံကြီးကျေးရွာဘက် ရောက်ရှိလာပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ရှေ့တန်းရောက်ရှိနေတဲ့ ဓာတ်ပုံတွေ စစ်ကောင်စီဘက်က စတင်ဖော်ပြလာပါတယ်။

စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ဆင်ရေးအထူးဖွဲ့မှူးကိုယ်တိုင် စစ်မြေပြင်ရောက်လာတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဖို့ လာတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ဆင်ရေးအထူးဖွဲ့မှူး စစ်မြေပြင်လာတာဟာ ဒါပထမဦးဆုံးပဲ။ စစ်ရှုံးတိုင်းမှူးကနေ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာတယ်ဆိုတော့ သူစစ်သည်တွေ အားတက်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တဲ့အနေအထားပါ”လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်လာပြီး ဇူလိုင်လ ၁၅ ရက်မှာ နောင်ချိုမြို့ပေါ်ကို ရောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီဘက်က ထုတ်ပြလာပါတယ်။

ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဟာ အရင်က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA ထံ လက်လွှတ်ခဲ့ရပေမဲ့ ရာထူးလျှော့ချမခံရဘဲ အထူးစစ်ဆင်ရေးအဖွဲ့မှူးအဖြစ် ရာထူးထပ်မံ တိုးပေးခြင်း ခံခဲ့ရပြီး နောင်ချိုစစ်မြေပြင်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

နောင်ချိုကို လက်လွှတ်ခဲ့ရတဲ့အပေါ် TNLA နဲ့ ပူးပေါင်းတွေ ဘာပြောလဲ

နောင်ချိုမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ ဇူလိုင် ၁၅ ရက်အထိ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပေါင်း ၃၁၉ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်ဘက်က မနေ့ ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု (၁၀၆) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၁၆၂) ကြိမ် ၊လက်နက်ကြီးပစ်ခတ်မှု (၄၆၉၂) ကြိမ်နဲ့ အဆိပ်ငွေ့ဗုံးနဲ့ (၁၈၆) ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

TNLA ဘက်ကတော့ ဇူလိုင် ၁၅ ရက်စပြီး နောင်ချိုမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြို့ပေါ်ရှိ တအာင်းတပ်ရဲ့ အရပ်ဖက်ဆိုင်ရာ ရုံးတွေကို ပြောင်းရွှေ့ထားရပြီး နောင်ချိုမြို့ပေါ်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေမှာဖြစ်တာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ TNLA ဘက်က တိုက်တွန်းထားပါတယ်။

နောင်ချိုမြို့နယ်မှာ TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ရဲ့ ဥက္ကဌ ဦးထွန်းထွန်းနိုင်ကလည်း နောင်ချိုကို ပြန်ရဖို့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေဆဲပါ။ ကျနော်တို့ DPLA လည်း နောင်ချိုပြန်ရဖို့ ဆက်မလုပ်စရာ အကြောင်းမရှိပါဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို TNLA တစ်ဖွဲ့တည်း ရင်ဆိုင်နေရ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ MNDAA နဲ့ စစ်ကောင်စီတပ်အကြား အပစ်ရပ်ပြီးနောက် စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့အကြား တိုက်ပွဲရပ်တန့်နေတာ လနဲ့ချီ ရှိပါပြီ။

လက်ရှိမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို TNLA တစ်ဖွဲ့တည်း ရင်ဆိုင်နေရတဲ့အပြင် တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုပါ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီတပ်က နောင်ချိုကို ပြန်ရပြီးနောက် နောင်ချို-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျောက်မဲနဲ့ သီပေါကို ဆက်လက်တိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ကူမင်းဆေးနွေးပွဲမှာ စစ်ကောင်စီ တောင်းထားတဲ့ မြို့တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ပြန်ပေးဖို့ တောင်းခဲ့ပြီး TNLA ဘက်က ပယ်ချခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို စစ်အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

“အခုဆိုရင် ရှမ်းမြောက်မှာ TNLA၊ ရှမ်းတောင်မှာ ကရင်နီ ဒီနှစ်ခုကိုပဲ ဦးတည်ရန်သူထားပြီး တိုက်နေတာ။ တော်လှန်ရေးအင်အားစုတွေ မှန်သမျှ မိမိတို့နယ်မြေမှာ တိုက်စစ်ဖော်သင့်ပါပြီ” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။