By မိုင်းအနိုင်၊ ရွှေဖီမြေ

“မင်းအောင်လှိုင် မသေမချင်း ဒီစာသင်ကျောင်း ပြန်မပြင်တော့ဘူး။ ဒီကျောင်းမှာလည်း စာမသင်တော့ဘူး။ ဘယ်နှစ်ခါပြင်ပြင်ကို ဗုံး လာကြဲနေတော့တာပဲ”လို့ မန်လီကျေးရွာမှာ တာဝန်ကျတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ကျောင်းဆရာမနဲ့ကျေးရွာခံတွေဟာ ပညာရေးအတွက် စိတ်အား ထက်သန်တာကြောင့် တအာင်းပြည် ပညာရေးကောင်စီ- TLEC ဘက်က စာသင်ကျောင်းတွေ မဖွင့်သေးပေမဲ့ မန်လီရွာက စာသင်ကျောင်း ကြိုတင် ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျောင်းဖွင့်လှစ်ပြီး ၃ ရက်မြောက်နေ့မှာဘဲ စစ်ကောင်စီတပ်က အဲဒီစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး လာရောက် ကြဲချခဲ့ပါတယ်။

မန်လီရွာက စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းဟာ အခုမှ ဗုံးကြဲချခံရတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂ဝ၂၃ ခုနှစ်ကတည်းက စစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် ဗုံးကြဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ပထမအကြိမ် ဗုံး လာကြဲချခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တုန်းက စာသင်ကျောင်းဆောင်နဲ့ ဘုန်းကြီးကျောင်း ပြာကျခဲ့ရပြီး အဲဒီရွာမှာ လာရောက် တာဝန် ထမ်းဆောင်တဲ့ ကျောင်းဆရာမ လွေးမေဖြိုးအိလည်း စာသင်ကျောင်းရှေ့မှာတင် ဗုံးစ ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

အဲဒီဗုံးစရဲ့ ပြင်းအားကြောင့် ကျေးရွာအတွင်းက နေအိမ်အများစုလည်း ထိမှန်ပျက်စီးခဲ့ပြီး ကျေးရွာခံတွေ တောင်ယာထဲ အလုပ်သွားရောက်လုပ်ကိုင်နေချိန်ဖြစ်လို့ အရပ်သား ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ဗုံးကြဲမှုကြောင့် ကျေးရွာခံတွေဟာ နီးစပ်ရာ ကျေးရွာနဲ့ တောင်ယာတွေမှာ သွားရောက် ပုန်းရှောင်ခဲ့ရပါတယ်။ ၁ ပတ်လောက်အကြာမှာ အခြေအနေ တည်ငြိမ်ပြီဖြစ်လို့ ကျေးရွာခံတွေ ကျေးရွာဘက်ပြန်ဖို့ လုပ်နေစဉ်မှာပဲ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှာ အဲဒီစာသင်ကျောင်းကိုဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့ပြန်ပါတယ်။

နောက်တစ်ခါ လအတော်အတန် ကြာပြီးနောက် အခြေအနေ တည်ငြိမ်ပြီဖြစ်လို့ ကလေးတွေ စာသင်ကြားနိုင်ဖို့ ကျေးရွာခံတွေဟာ စာသင်ကျောင်းကို ၂ဝ၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြန်လည်မွမ်းမံခဲ့သလို ပျက်စီးနေတဲ့ နေအိမ်တွေလည်း ကိုယ်စီ ပြုပြင်ခဲ့ကြပါတယ်။

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်မှာ အခြေခံပညာ အလယ်တန်းအဆင့်ထိ ဖွင့်လှစ်နိုင်ဖို့ သူတို့ စီစဉ်ခဲ့ကြပါတယ်။ ထိုနည်းတူပဲ ဗုံးကြောင့် ပြာကျခဲ့ရတဲ့ ဘုန်းကြီးကျောင်းမှာလည်း သံဃာတော် သီတင်းသုံးနေတဲ့ အဆောင်တွေကို ပြန်ပြင်ခဲ့လို့ တစ်ဖန် နလန်ထူလာဖို့ ဖြစ်လာပါတယ်။

ဒါပေမဲ့ နလန် ထူခါဆဲဆဲမှာပဲ ၂၀၂၅ ဇွန်လ ၁၂ ရက် မနက်အစောပိုင်း လူတွေ အိပ်မောကျချိန်မှာ နလန် ထူခါဆဲဖြစ်တဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကိုဘဲ ဦးတည်ပြီး စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃ဝဝ ဗုံး လာရောက် ကြဲချခဲ့လို့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း ထပ်မံ ပြာကျခဲ့ပါတယ်။

“ပထမ လာကြဲတာက စာသင်ကျောင်းကို လာကြဲသွားတာ။ ကြဲပြီးပြီးချင်းမှာပဲ ထပ်လာမယ်ဆိုတာ သိလို့ သိမ်ရဲ့အနောက်ဘက် တောထဲကို ပြေးသွားလိုက်တာ။ ဆွမ်းစားဆောင်ထဲ အိပ်တဲ့ကိုရင်ရော တစ်ခါတည်း ပြေးသွားနိုင်လို့ မဟုတ်ရင် အသားတွေတောင် တစ်စစီ ဖြစ်ကုန်ပြီ။ ဘုန်းကြီးကျောင်းထဲကအဆောင်တွေ တစ်ခုမှကို ရစရာ မရှိတော့တာ”လို့ မန်လီရွာရဲ့ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍဝက မိန့်ပါတယ်။

ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ် ၁ဝ လုံးထက်မနည်း ယိုယွင်းပျက်စီးခဲ့ပြီး ဗုံးကြဲမှုကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အလေ့အထ ရှိတာကြောင့် လူအထိအခိုက် မရှိခဲ့ပါဘူး။

“တစ်ခါ ဗုံးကြဲပြီးတော့ တစ်ရွာလုံး အိပ်ယာက ထပြီး အော်ငိုနေကြတာ။ ကလေးတွေက “အဲလေယာဉ် သူ့ကျည်ဆံ ပြန်သွားယူနေတာ။ ပြန်ထပ်လာအုံးမယ်လို့”အော်တော့ အကုန်လုံး အိမ်ထဲကနေထွက်ပြီး လုံခြုံတဲ့နေရာတွေမှာ အကုန်ပြေးနေကြတာ။ မဟုတ်ရင် ထိခိုက်သေဆုံးတာတွေ ရှိအုံးမှာ”လို့ ကျောင်းဆရာမက အဲဒီနေ့က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

မန်လီရွာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် လေကြောင်းကနေ ဗုံး ၃ ကြိမ် ကြဲချခံခဲ့ရပြီး လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြားက တိုက်ပွဲမှာလည်း တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရတဲ့ကျေးရွာ ဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီလထဲ တအာင်းတပ်မတော်- TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ပူးပေါင်းတပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS တို့အကြား တိုက်ပွဲ ပြင်းထန်နေချိန်မှာ ကျေးရွာတစ်ဝက်ကျော်ဟာ နေအိမ် မီးရှို့ခံရပြီးနောက် ကျေးရွာ ပြန်နလန်ထူဖို့ ကျေးရွာခံတွေ ကြိုးစားလုပ်ဆောင်ခဲ့ကြရပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြားက တိုက်ပွဲမှာလည်း ကျေးရွာခံတွေ ပျောက်ဆုံးတာရှိသလို ဖမ်းဆီးခံရပြီး ဒီနေ့အချိန်ထိ ပြန်မလွှတ်လာသေးသူတွေလည်း အများစု ကျန်ရှိနေပါတယ်။

အဲဒီအဖြစ်ဆိုးကနေ အကုန်လုံး ပြန်နလန်ထူခါစမှာတင်ပဲ စစ်ကောင်စီတပ်ရဲ့ ဗုံးမိုးက ဆက်တိုက် ကျလာခဲ့ပါတယ်။

မန်လီရွာဟာ ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်သူတွေ ဖြစ်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲအပြီးမှာ ဘုန်းကြီးကျောင်းကို ခမ်းနားကြီးကျယ်အောင် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြပြီး ကျောင်းဆောင်သစ်တက်ပွဲ လုပ်ပြီး ၃ ရက်မြောက်နေ့မှာဘဲ ပထမဆုံးအကြိမ် ဗုံး လာရောက်ကြဲချခဲ့လို့ အကုန်လုံး ပြာကျခဲ့ရပါတယ်။

ကျေးရွာထဲက နေအိမ်အများစုဟာလည်း မီးရှို့ခံထားရပြီးနောက် နေအိမ် ပြန်လည်ပြုပြင်ပြီးခါစမှာတင် ဗုံးကြဲခံရလို့ ပျက်စီးသွားခဲ့ရပါတယ်။

ပြုပြင်ပြီးလည်း မကြာခဏ ပျက်စီးနေတာကြောင့် တချို့နေအိမ်ဟာ ပြန်လည်ပြုပြင်ဖို့ ငွေကြေး မတတ်နိုင်တာကြောင့် တဲထိုးပြီး နေထိုင်ရမယ့်အခြေအနေထိ ရောက်ရှိလာပါတယ်။

“အိမ်ကို ပြန်မဆောက်တော့ဘူး။ စိတ်လည်း ပျက်လာပြီ။ ပြန်ပြင်စရာငွေလည်း မရှိတော့ဘူး။ အရင်က ပြင်ထားတာ ၁၅ သိန်းလောက် ကုန်တယ်။ မကြာသေးဘူး။ အခု ထပ်ဖြစ်ပြန်ပြီ။ ဒီအတိုင်းပဲ ရှိပါစေတော့”လို့ နေအိမ် ပျက်စီးသွားတဲ့ ဒေါ်အေးငင်းက ပြောပါတယ်။

လက်ရှိမှာတော့ ကျေးရွာခံတွေဟာ တောင်ယာထဲ သွားရောက် နေထိုင်ကြပြီး တချို့ကတော့ ပျက်စီးသွားတဲ့ နေအိမ်အပေါ်ကို မိုးကာအုပ်ပြီး နေထိုင်နေကြပါတယ်။

စာသင်ကျောင်းဆောင်ဟာလည်း ထပ်မံ ယိုယွင်းပျက်စီးသွားပြီဖြစ်လို့ ဒီပညာသင်နှစ်အတွက် ဘယ်လို ရှေ့ဆက်မလဲဆိုတာတော့ ကျေးရွာခံတွေက မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။