By ချယ်ရီ၊ ရွှေဖီမြေ
အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်တွေမှာ အများစု တွေ့နေရပါတယ်။
”ဝ”တပ်နဲ့ စစ်ကောင်စီတပ်တို ထိန်းချုပ်တဲ့ ၎င်းမြိုနယ်တွေအပြင် တခြားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ မြို့ငယ်လေးတွေမှာလည်း ပေါ်ပေါ်ထင်ထင် အလုပ်ဖြစ်လာတာနဲ့ KTV, ဘား စတဲ့နေရာတွေမှာလည်း လိင်လုပ်ငန်းနဲ့ တွဲဖက်ဖွင့်လှစ်ထားတာကို တွေ့လာရပါတယ်။
ဒီအလုပ်တွေဟာ ဟိုးရှေ့ ဆယ်စုနှစ်ကတည်းက ရှိလာခဲ့ပေမဲ့ အထက်ပါဒေသတွေမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှသာ ပိုပြီးတွင်ကျယ်လာတာပါ။
အကြောင်းအရင်းကတော့ နေထိုင်ရာဒေသတိုင်းမှာ စစ်ပွဲ၊ တိုက်ပွဲနဲ့ ဒေသအခြေအနေ မတည်ငြိမ်မှုကြောင့် အလုပ်အကိုင်ရှားပါးလာရာကနေ လွယ်လင့်တကူရတဲ့အလုပ်ကိုသာ အမျိုးသမီးတချို့က ရှာဖွေရင်း လိင်လုပ်သားနွံထဲ ရောက်လာကြပါတယ်။
အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လုပ်ရှာဖွေရင်း တရားဝင်အလုပ်ဖြစ်တဲ့ တခြားဝင်ငွေရတဲ့အလုပ်ကို လုပ်ကိုင်ကြတဲ့ လူငယ်တွေလည်း ရှိပေမဲ့ အနည်းငယ်မျှသာ။
အလုပ်အကိုင်ကောင်းနဲ့ ဝင်ငွေကောင်းကောင်းရမယ်ဆိုပြီး ပွဲစားကခေါ်တဲ့ အွန်လိုင်းပေါ်က အလုပ်ခေါ်စာကနေတဆင့် တရုတ်ပြည် ရွှေလီမြို့ထဲကို လူကုန်ကူးခံလိုက်ရတဲ့ မန်တုံမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အိုင် (အမည်လွှဲ)ကလည်း လိင်လုပ်ငန်းတစ်ခုမှာ ၃ နှစ်နီးပါးကြာ အလုပ်လုပ်ကိုင်ရပါတယ်။
သူမဟာ ကျေးရွာမှာ မိသားစု ၅ ဦးနဲ့အတူ မီးသွေးဖုတ်တဲ့အလုပ်ကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာကြတဲ့ မိသားစုကနေ ပေါက်ဖွားလာတာပါ။
အိုင်ကလည်း မီးသွေးဖုတ်တဲ့ လုပ်ငန်းဟာ မည်သို့ပင် ပင်ပန်းစေကာမူ မိသားစုရဲ့ ပင်မလုပ်ငန်းဖြစ်တာကြောင့် ဈေးမရလည်း ပင်ပင်ပန်းပန်း လုပ်ကိုင်လာတာ အသက် ၁၀ နှစ် ဝန်းကျင် အလုပ်လုပ်နိုင်ကတည်းကပါ။
၎င်းအလုပ်ကို လုပ်ကိုင်လာတာဟာ နှစ်နဲ့ချီလာပေမဲ့ မိသားစု စားဝတ်နေရေး မပြေလည်တဲ့အပြင် ထမင်းနပ်မှန်အောင်သာ သေမတတ်ရုန်းကန်ခဲ့ရတဲ့ လွေးအိုင်ဟာ ဝင်ငွေကောင်းတဲ့ အလုပ်ကို လုပ်နိုင်ဖို့ ရှာဖွေရင်း သူမ မမျှော်လင့်ထားတဲ့ လိင်အပျော်မယ် အလုပ်ကို လုပ်ကိုင်လိုက်ရပါတယ်။
“စစရောက်ချိန်က မသိဘူး။ ခေါ်လာတဲ့ ပွဲစားက ပိုက်ဆံအများကြီးရတဲ့ အလုပ်လို့ပြောပြီး ဒီထဲလာထားတာ။ အခုတော့ ပြန်ထွက်လို့ မရတော့ဘူး” လို့ ပြောပါတယ်။
၅ နှစ်စာချုပ် ချုပ်ထားတဲ့ သူမဟာ လက်ရှိအချိန်အထိ ၎င်းအလုပ်မှာ အဆင်မပြေ ငတ်တလှည့်သာ မိသားစုအတွက် လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။
အိုင်လိုပဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေကြရပြီး ဘဝတိုက်ပွဲနဲ့ ပြသာနာအထွေထွေတို့ကို တအာင်းဒေသအပြင် တစ်နိုင်ငံလုံးက လူငယ်တွေ ဆိုးဆိုးရွားရွားကြုံတွေ့ ရင်ဆိုင်၊ ဖြတ်သန်း နဘန်းလုံးနေကြရတာကို တွေ့နေရပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်နေပေမဲ့ နိုင်ငံကို အုပ်ချုပ်သူ၊ ဦးဆောင်သူ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းတာကြောင့် အဆင်းရဲဆုံးနိုင်ငံရဲ့ ဇကာတင် စာရင်းထဲမှာ ဝင်လာခဲ့ပါတယ်။
နိုင်ငံအတွင်း နေထိုင်ကြတဲ့ လူထုတွေရဲ့ အခြေခံလစာဟာ ပျမ်းမျှအားဖြင့် တစ်ဦးကို ၇၀၀၀ ကျပ်နှုန်း နီးပါးသာရကြပြီး ခေတ်နဲ့အပြိုင် တစ်ဟုန်ထိုး တက်နေတဲ့ ကုန်ဈေးနှုန်းကို လိုက်မမှီတော့ဘဲ မိသားစုစားဝတ်နေရေးကိုပင် နပ်မှန်အောင် မဖြေရှင်းနိုင်ကြတော့ပါဘူး။
ဒီလိုဖြစ်စဉ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး အခုနှစ် ၂၀၂၆ ခုနှစ် အာဏာသိမ်း ၅ နှစ်ကျော်တဲ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ခြုံငုံကြည့်ရင် ပိုပြီး သိသာထင်ရှားလာတာကို မြင်တွေ့ကြရမှာပါ။
အရင်အရပ်သားအစိုးရ လက်ထက်က ပြဌာန်းချက် ဥပဒေအတိုင်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဖြေရှင်းမှုတွေ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် ဒီအခွင့်အရေးတွေက ပျောက်ဆုံးသွားပြီး အလုပ်သမားတွေက ပိုပြီး ကြပ်တည်းလာကြတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပညာရေးလမ်းကြောင်းနဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေဟာ အလုပ်လုပ်ဖို့ ရှာဖွေကြရင်း “ဝ” ဒေသနဲ့ ကိုးကန့်ဒေသတွေမှာရှိတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ ဦးဆောင်တဲ့ အွန်လိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ရှမ်းမြောက်က ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေ လူကုန်ကူးခံခဲ့ရကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
၎င်းအစီရင်ခံစာမှာတော့ အဲဒီအွန်လိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းနဲ့ အဆောင်အဦးတွေဟာ ဝဒေသနဲ့ ကိုးကန့်ဒေသရဲ့ မြို့လယ်ခေါင်မှာ တည်ရှိနေပြီး ဒေသဆိုင်ရာ လက်နက်ကိုင်တွေက လုံခြုံရေးနဲ့ အကာအကွယ်ပေးရေးတွေကို ပြုလုပ်ပေးနေကြောင်းလည်း ရေးသားဖော်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကနေ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက်မှာ နေထိုင်နေရပြီး လူဦးရေ ၃.၆ သန်းကျော်က နေရပ်စွန့်ခွာ နေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
အာဏာသိမ်းပြီးနောက် မိသားစု စားဝတ်နေရေး ပြဿနာ၊ အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာအပြင် သဘာဝဘေးနဲ့ လူလုပ်ဘေးတွေကိုပါ တပြိုင်နက်ထဲ လုံးပန်းပြီးခံခဲ့ကြရတာကို တွေ့နေရပေမဲ့ အဆိုးရွားဆုံး လူလုပ်ဘေးကို ခံစားနေကြရတဲ့ လူထုတွေကတော့ တောင်ပေါ်မြေပြန့်က တန်းတူခံစားနေကြရတာကို တွေ့နေရပါတယ်။
လူလုပ်ဘေးလို့ ခေါ်ဆိုရာမှာ “တိုက်ပွဲ” တွေ နေ့စဉ်ညတိုင်း ဖြစ်ပွားနေတာကို ဆိုလိုပါတယ်။
ရှမ်းမြောက်ဟာ ဆယ်စုနှစ်နဲ့ချီပြီး တိုက်ပွဲဇုံဖြစ်ခဲ့တာကြောင့် ရှမ်းမြောက်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသား လူထုတွေကလည်း တစ်နိုင်ငံလုံး စစ်ဖြစ်ရာဒေသတွေလို အဆိုးရွားဆုံး စစ်ဒဏ်ကို လက်ရှိအချိန်အထိ အလူးအလဲ ခံနေကြရပါတယ်။
ဒီထဲမှာမှ ကျန်တိုင်းရင်းသားလူမျိုးစုတွေနဲ့နည်းတူ တအာင်းဒေသက လူထုတွေကလည်း အပါအဝင်ပါ။
တအာင်းလူထုထဲမှာမှ လူငယ်တွေမှာ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလွန်းတာကြောင့် မိသားစု စားဝတ်နေရေးကို ကောင်းမွန်ချောမွေ့အောင် ဖြေရှင်းနိုင်ကြဖို့ အလုပ်အကိုင်အခွင့်အလမ်း ပေါများပြီး လုပ်ခလစာကောင်းကြောင်း နာမည်ကြီးနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့နဲ့ တရုတ်နိုင်ငံသို့ အသက်စွန့်ပြီး ရရာနည်းလမ်းနဲ့ သွားရောက်လုပ်ကိုင်နေကြသူတွေ ဒုနဲ့ဒေးပါ။
လူငယ်တွေထက် အမျိုးသမီးငယ်တွေကလည်း ခေတ်နဲ့အပြိုင် အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်း အလုပ်လုပ်လာတာကြောင့် ၎င်းနယ်စပ်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝဟာ အင်မတန်မှ ရင်နာစရာကောင်းနေပါတယ်။
ဝင်ငွေရနိုင်ဖို့ အလုပ်ရှာဖွေချိန် အလုပ်ချိတ်ဆက်ပေးရေး ပွဲစားနဲ့ တွေ့ပြီး အလုပ်အကိုင်အဆင်ပြေသူတချို့ ရှိခဲ့ပေမဲ့ များသောအားဖြင့် မျှော်လင့်ထားကြတဲ့ အလုပ်ကို မရရှိကြဘဲ မှောင်ခိုအလုပ်တွေဖြစ်တဲ့ လိင်အလုပ်သမားတွေသာ လုပ်ကိုင်နေကြရပါတယ်။
၎င်းအလုပ်ကို စိတ်ဝင်စားတာမရှိဘဲ အတင်းအဓမ္မ ခိုင်းစေခံရတာကြောင့် လက်ရှိအချိန်အထိ နေ့နေ့ညညလုပ်ကိုင်နေရကြောင်း မလွေး (အမည်လွှဲ) က ပြောပါတယ်။
“ပိုက်ဆံရဖို့အတွက် ခန္ဓာကိုယ်ဘယ်လောက်နာနာ မျက်စိမှိတ် နားပိတ်ပြီး လုပ်ပေးနေရတယ်” လို့ သူမက ဖုန်းထဲမှာ စကားကို တစ်ထစ်ထစ်နဲ့ ပြောပြနေပါတယ်။
သူမဟာ “တအာင်း”တိုင်းရင်းသူ အမျိုးသမီးဖြစ်တာကြောင့် စကားကို စည်ကာပတ်ကုံး မပြောပြတတ်ပေမဲ့ သူမရဲ့ အမှန်တကယ် ဝမ်းနည်းကြောင်း ရင်တွင်းခံစားချက်ကို ကြားခဲ့ရပါတယ်။
“ရွာမှာအလုပ်လုပ်တာ အရမ်းပင်ပန်းတယ်။ စစ်တွေဖြစ်နေတော့ ကိုယ်လုပ်ကိုင်ရောင်းဝယ်တာတွေက ဘယ်မှာမှ မရောင်းရဘူး။ အဖေနဲ့အမေရယ် မောင်လေးရယ် လုပ်ကျွေးရမယ်ဆိုတော့ လိုင်းပေါ်မှာ အလုပ်ခေါ်တယ်လို့ ရွာထဲက သူငယ်ချင်းတွေ ပြောပြလို့ ရွာကသူငယ်ချင်း ၂ ယောက်နဲ့ ဒီကိုလာခဲ့တာ”
အသက် ၂၀ နှစ်အရွယ် မလွေးဟာ ရှမ်းမြောက် ကျောက်မဲမြို့နယ်က အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ ကျေးရွာတစ်ခုမှာ နေထိုင်ခဲ့ပြီး လက်ဖက်လုပ်ငန်းတစ်ခုကိုသာ လုပ်ကိုင်ကြပြီးတော့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြရပါတယ်။
မလွေးရဲ့ ကျေးရွာအနီးဝန်းကျင်နဲ့ ကျောက်မဲမြို့မှာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်လယ်လောက်က ရှမ်းတပ် SSPP၊ တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတပ်တို့က အပြန်အလှန်တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ပင်မလုပ်ငန်းဖြစ်တဲ့ လက်ဖက်လုပ်ငန်းကိုလည်း လုပ်ကိုင်စားသောက်လို့မရတော့ဘဲ အလုပ်လက်မဲ့ဖြစ်နေရတဲ့အပြင် မိသားစုစားဝတ်နေရေးကိစ္စဟာ သူမရဲ့ ခေါင်းပေါ်ကို ကျလာတာကြောင့် ဝင်ငွေကောင်းတဲ့အလုပ်ဆိုပြီး လိမ်ခေါ်ခံရတဲ့ အလုပ်ကို နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ဝန်းကျင်မှာ ရောက်ရှိလာတာလို့ ဆိုပါတယ်။
မလွေးရဲ့ မွေးရပ်ဇာတိဟာ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမဲ့ နယ်မြေဒေသ မတည်ငြိမ်သေးတာကြောင့် ဒေသခံတွေ အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာကို ဆက်လက်ကြုံတွေ့နေကြရဆဲပါ။
နေရာဒေသချင်းမတူပေမဲ့ မလွေးလိုတဲ့ ဘဝတူသူကတော့ မောင်နှမ ၃ ဦးရှိတဲ့ အေး(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။ တအာင်းဒေသ နမ့်ဆန်မြို့နယ်ကဖြစ်တဲ့ အေးဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက TNLA တပ်ထံ စစ်မှုထမ်းရတာကြောင့် မောင်နှမတွေရဲ့ ကျောင်းစာရိတ်နဲ့ စားဝတ်နေရေးကို သူမကပဲ တာဝန်ယူရပါတယ်။
လက်ရှိမှာတော့ ဝင်ငွေအလွန်ကောင်းတဲ့ လိင်လုပ်ငန်းတစ်ခုမှ လုပ်သားအနေနဲ့ လုပ်ပြီး မောင်နှမတွေရဲ့ ကျောင်းစာရိတ်နဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနေပါတယ်။
အေး အလုပ်လုပ်တဲ့နေရာဟာ “ဝ” ပြည်နယ် မိုင်းပေါက်မြို့တစ်နေရာမှာ ဖွင့်ထားတဲ့ လိင်လုပ်ငန်းတစ်ခုမှာဖြစ်ပါတယ်။
သူမဟာ အထည်ဆိုင်တစ်ခုမှာ တစ်နှစ်နီးပါး အလုပ်လုပ်ခဲ့ပေမဲ့ တစ်လကို လုပ်ခလစာ ၂ သိန်းသာ ရခဲ့လို့ မလောက်ငှတာကြောင့် ၎င်းလုပ်ငန်းထဲကို သိသိရဲ့နဲ့ ခြေစုံပစ်ခဲ့တယ်လို့ ဆိုပါတယ်။
“တခါတလေ အရမ်းခက်ခဲလို့ ထွက်ပြေးချင်ပေမဲ့ မောင်နှမ မျက်နှာပြန်မြင်ယောင်လိုက်တော့ အားတင်းထားရတယ်” လို့ ၎င်းက ရင်နာနာနဲ့ ပြောပြပါတယ်။
လက်ရှိလုပ်ဆောင်နေတဲ့ အလုပ်ဟာ မကောင်းတဲ့ အလုပ်ဆိုတာ သိနေပေမဲ့ အေးတို့ မောင်နှမအတွက် ဖူလုံနေတာကြောင့် သူတို့ဒေသမှာ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိမချင်း အဲဒီပတ်ဝန်းကျင်မှာသာ ဆက်ပြီး အသက်ဆက်ရှင်သွားမယ်လို့လည်း သူမက ဆိုပါတယ်။
လိင်လုပ်ငန်းလုပ်ဆောင်ရာမှာ တချို့က အဆင်ပြေချောမွေ့စွာ လုပ်နေကြရပြီး ဝင်ငွေရနေသလို တချို့အမျိုးသမီးတွေကလည်း မလုပ်ချင်ဘဲ လုပ်ငန်းရှင် (သို့) လက်နက်ကိုင်တစ်စုရဲ့ အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတာကြောင့် လုပ်ကိုင်နေရတာလည်း ရှိနေပါတယ်။
နယ်စပ်မြို့အပြင် တရုတ်ပြည်နဲ့ ဝဒေသ မိုင်းပေါက်၊ ပန်ဆန်းနဲ့ မိုင်းလား စတဲ့နေရာတွေမှာလည်း အမျိုးသမီးငယ်တွေ မကြာခဏ တိုက်ပိတ်၊ ရိုက်နှက်နှိပ်စက်ခံရတာတွေ ခံခဲ့ရတဲ့ သတင်းကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ တချို့အမျိုးသမီးကသာ အကူအညီတစ်စုံတစ်ရာနဲ့ ပြန်လွှတ်လာကြပေမဲ့ တချိုကတော့ လက်ရှိအချိန်အထိ လိင်လုပ်သားနွံနဲ့ လောင်းကစားနွံထဲမှာသာ နစ်နေကြရဆဲပါ။
အထက်ပါ ပြဿနာတွေကို အမျိုးသမီးအများစုက ကြုံတွေ့ခံစားနေရတာဟာ မိမိနေထိုင်တဲ့ဒေသက ဝင်ငွေရွှင်တဲ့ လမ်းကြောင်းမတွေ့ရတာနဲ့ အလုပ်အကိုင် ရှားပါးတာကြောင့်သာ ဖြစ်နေကြောင်းကို သိသာထင်ရှားနေပါတယ်။
ဒါ့ကြောင့် သက်ဆိုင်ရာ ဒေသက လူ့အဖွဲအစည်းနဲ့ အစိုးရကလည်း ဒေသအလိုက် ကောင်းမွန်လှတဲ့ အလုပ်အကိုင်တွေ ရရှိနိုင်ကြဖို့ အထူးလုပ်ဆောင် ဖန်တီးပေးစေလိုကြောင်းက လူငယ်တွေကြား ရေပန်းအစားဆုံး စကားဖြစ်နေပါတယ်။
တအာင်းဒေသတစ်ခုလုံးကို ခြုံငုံကြည့်ပါက ပြည်ပအလုပ်ထွက်လုပ်တဲ့ လူငယ်တွေဟာ တစ်နှစ်ထက်တစ်နှစ် အရေအတွက် ပိုများလာပြီး ပျမ်းမျှအားဖြင့် လူငယ် အမျိုးသား၊ အမျိုးသမီး ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။
လူငယ်တွေ ပြည်ပထွက်နှုန်းမြင့်လာတာကြောင့် ကျေးရွာဒေသက ပွဲလမ်းသဘင်ကို ကြည့်ရင်လည်း လူငယ်တွေကို ရှာကြည့်ပါက တန်ဖိုးကြီးတဲ့ ရွှေလောက်နီးနီး ရှားပါးသွားခဲ့ပါတယ်။
ဒါ့အပြင် လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေသလို ဒေသတွင်းက အမျိုးသမီးတွေလည်း မကြာခဏ ပျောက်ဆုံးနေတာတွေ ရှိနေပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ရဲ့ စာရင်းအရ တအာင်းဒသအတွင်း လူကုန်ကူးခံရသူဟာ ၂၀၂၂ ခုနှစ်မှာ ၉ ဦး၊ ၂၀၂၃ ခုနစ်မှာ ၇ ဦး၊ ၂၀၂၄ ခုနှစ်မှာ ၅ ဦး၊ ၂၀၂၅ ခုနှစ်မှာ ၁၁ ဦးနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ၁ ဦး စုစုပေါင်း ၃၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
အထက်ပါအရေအတွက်ဟာ TWO က လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စာရင်းတွေသာဖြစ်ပြီး လက်တွေ့မြေပြင်မှာ လူကုန်ကူးခံနေရတဲ့ အမျိုးသမီး အရေအတွက်က ပိုပြီးများနိုင်ပါတယ်။
လူကုန်ကူးခံရတဲ့ အရေအတွက် လျော့ကျဖို့နဲ့ လိင်အပျော်မယ် ခိုင်းစေတာတွေ ပပျောက်ဖို့အတွက် တအာင်းဒေသမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်ရှိစေဖို့နဲ့ ဝင်ငွေရနိုင်တဲ့ လမ်းကြောင်းရရှိဖို့ သက်ဆိုင်ရာ လက်နက်ကိုင်တွေ အနေနဲ့ တိုက်ပွဲတွေ မဖော်ဆောင်ကြဖို့နဲ့ သွားလာရေး ကန့်သတ်ပိတ်ပင်တာမျိုး မလုပ်ဆောင်ကြဖို့ကို လူငယ်တွေအများစုက တောင်းဆိုထားကြပါတယ်။
အထက်ပါ တောင်းဆိုမှုတွေကို လက်နက်ကိုင်တိုင်းက လိုက်နာပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါက တအာင်းဒေသတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတိုင်းအပြင် တအာင်းလူငယ်နဲ့ အမျိုးသမီးတွေ နိုင်ငံခြားထွက်ခွာမှုနှုန်းလည်း လျော့ကျလာပြီး မိမိဒေသမှာသာ အလုပ်အကိုင် အဆင်ပြေချောမွေ့မှာဖြစ်ပြီးတော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ရပ်ဝန်းဖြစ်လာမှာ မလွှဲဧကန်ပါ။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။