စစ်တပ်အပါအဝင် စစ်တပ်နဲ့ နီးစပ်တဲ့ခရိုနီတွေ အုပ်စိုးခဲ့တဲ့ ပတ္တမြားမြေလို့ တင်စားခေါ်ခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးပဲ့ကိုင်ရှင် တအာင်းတပ်မတော်-PSLF/TNLA အုပ်ချုပ်မှုအောက် ရောက်ရှိနေတာ ၁ နှစ်နီးပါးရှိလာပါပြီ။
လက်ရှိ မိုးကုတ်မြို့မှာထွက်တဲ့ ကျောက်မျက်ရတနာတွေကို တအာင်းတပ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကတည်းက ပြန်လည်တူးဖော်ခွင့် ပြုထားပြီး အခုဆိုရင် ၁၀ လဝန်းကျင်ရှိနေပါပြီ။
မိုးကုတ်မြို့ဟာ ပတ္တမြား၊ နီလာစတဲ့ ကမ္ဘာ့အရည်အသွေးကောင်း ကျောက်တွေ ထွက်ရှိရာဒေသလည်း ဖြစ်ပါတယ်။
အစပိုင်းမှာ ဒေသခံတွေ တနိုင်တပိုင် ကျောက်တူးဖော်ခွင့်ပေးရာကနေ လက်ရှိမှာ ကုမ္မဏီတွေကိုပါ ကျောက်တူးဖော်ခွင့် ပေးထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိ မိုးကုတ်မြို့မှာ ကျောက်လုပ်ကွက်တွေကို ကျောက်မျက်တူးဖော်ရေးကော်မတီ ဖွဲ့စည်းပြီး စီမံခန့်ခွဲနေတာဖြစ်တယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျောက်မျက်တူးဖော်ရေးကော်မတီထဲမှာ PSLF/TNLA၊ ကျောက်မျက်ရတနာလုပ်ငန်း ကျွမ်းကျင်တဲ့ ပညာရှင်၊ ကျောက်မျက်လုပ်ငန်းရှင်၊ လူထုတွေနဲ့ စုပေါင်းဖွဲ့စည်းထားပြီး အခွန်တွေကို ကော်မတီက ချမှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“အခွန်ကောက်ခံမှုပဲ ပြောပြော၊ ရင်းနှီးမြှုပ်နှံမှုမှာဘဲ ပြောပြော၊ ကော်မတီက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ အခွန်ကောက်ခံမှုတွေ ဒီကျောက်မျက်ကော်မတီအောက်ကနေ သွားတာဖြစ်ပါတယ်”လို့ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မှာရှိတဲ့ ကျောက်လုပ်ကွက်ဖြစ်တဲ့ ဝန်းထရံ၊ ဘော်ဗဒါန်းနဲ့ မိုးကုတ်ဂေါက်ကွင်း၊ ပင့်ကူတောင် စတဲ့လုပ်ကွက်တွေမှာ TNLA ဘက်က ကျောက်တူးဖော်ခွင့် ပေးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
လက်ရှိ အဲဒီကျောက်လုပ်ကွက်တွေကို တရုတ်လူမျိုးပိုင်တဲ့ ကုမ္ပဏီတွေ အများဆုံး လာရောက်လုပ်ကိုင်ကြပြီး ဒေသခံတွေ အနည်းစုလောက်သာ လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA နဲ့ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့လည်း TNLA နဲ့ ပူးပေါင်းပြီး ကျောက်မျက်တူးဖော်ခွင့်ရကြောင်း မိုးကုတ်မြို့မှာ ကျောက်တူးဖော်နေတဲ့ ကျောက်လုပ်ငန်းရှင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မြို့ခံတွေ လုပ်တာနည်းတယ်။ တနိုင်တပိုင်ပဲ။ ၄ ပေကြွင်းပေါ့။ TNLA နဲ့ နီးစပ်တဲ့သူပဲ ပိုနေရာကောင်းရတယ်ပေါ့။ ဝနဲ့ ကိုးကန့်လည်း လာလုပ်တာရှိတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကျောက်မျက်တူးဖော်ခွင့်ကို မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ နွေဦးတော်လှန်ရေးတပ်တွေလည်း တူးဖော်ခွင့်ရကြတယ်လို့ သူက ဆက်ပြောပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကျောက်မျက်ရတနာ အရိုင်းတုံးအပေါ် တွင်းဝအခွန်ကို ကျောက်တန်ဖိုးအပေါ် မူတည်ပြီး သိန်း ၁၀၀ ကနေ သိန်း ၅၀၀ အထိကို ၃ ရာခိုင်နှုန်း၊ သိန်း ၅၀၁ ကနေ သိန်း ၃၀၀၀ အထိကို ၅ ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀၁ ကနေ သိန်းတစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်ရမယ်လို့ ကျောက်မျက်ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားပါတယ်။
သိန်းတစ်သောင်းနဲ့ အထက်ရှိ တန်ဖိုးရှိ ကျောက်မျက်တရာနာတွေကိုတော့ တွင်းဝအခွန်ကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။
တစ်ဖက်မှာလည်း မိုးကုတ်ဂေါက်ကွင်းထဲအထိ ကျောက်တူးဖော်မှုတွေ ရှိနေတာကြောင့် မိုးကုတ်ဒေသခံအများစုက သဘာဝပတ်ဝန်းကျင် ပျက်စီးလာမယ့်အရေး စိုးရိမ်နေကြပါတယ်။
“ဂေါက်ကွင်းကြီးမှာ ဒီလိုတူးဖော်တာကြတော့ ပြည်သူတွေအနေနဲ့ မကျေနပ်ကြဘူးပေါ့။ ပြည်သူတွေ တန်ဖိုးထားတဲ့နေရာကို ဒီလိုတူးဖော်တာကြတော့ ဘယ်ပြည်သူမှ လက်မခံဘူးလေ”ဆိုပြီး မိုးကုတ်ဂေါက်ကွင်းအတွင်း ကျောက်တူးဖော်နေမှုအပေါ် မိုးကုတ်မြိုခံ အမျိုးသားတစ်ဦးက သူရဲ့သဘောထားကို အခုလို ပြောတာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ မိုးကုတ်မြို့ရှိ ကျောက်လုပ်ကွက်တွေကို TNLA ဘက်က လက်ဝါးကြီးအုပ်ထားတဲ့သဘော တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ မိုးကုတ်မြို့မှာ ကျောက်မျက်တူးဖော်မှုနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်နိုင်ရင် TNLA ထံ အမှုဖွင့် တိုင်ကြားနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ကျောက်မျက်တူးဖော်မှုအပိုင်းမှာ ကျမတို့ TNLA ပဲပြောပြော၊ အခြားအုပ်စုတွေမှာပဲပြောပြော မတရား တူးဖော်နေတယ်။ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နေတယ်၊ ဒေသကို ဆုံးရှုံးမှုတွေ ဖြစ်စေတယ်ဆိုရင် နီးစပ်ရာ ရဲစခန်းမှာပဲ တိုင်ကြားနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် PSLF/TNLA ရဲ့ ကျောက်မျက်လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ စည်းကမ်းချက်ထဲမှာ ကျောက်မျက်တူးဖော်ရာမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု လျော့နည်းစေဖို့အတွက် စီမံဆောင်ရွက်ရမယ့်အပြင် ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာတွေကိုလည်း လိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။
မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း TNLA နဲ့ နွေဦးတော်လှန်ရေးတွေက တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ ဝင်ငွေဒေါ်လာသန်းနဲ့ချီ ဆုံးရှုံးစေခဲ့ပါတယ်။
လက်ရှိ မိုးကုတ်မြို့မှာ PSLF/TNLA က ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။