မိုင်းဇူလိုင် ရေးသည်။
ဒေသခံလူထုအနေနဲ့ အကြပ်အတည်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကုန်စည်သယ်ဆောင်ရေးအပြင် ခရီးသွားလာရေးမှာ စစ်ကောင်စီရဲ့ ဂိတ်တွေမှာ ခြိမ်းခြောက်ခံရပြီး နည်းမျိုးစုံနဲ့ ငွေတောင်း ကြမ်းနေပါတယ်။
ဓာတ်ဆီဆိုင်၊ ငွေကြေးလဲလှယ်ဆိုင်၊ အရက်ဘီယာ ယစ်မျိုးပါစားသောက်ဆိုင်တွေလို စတဲ့ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေကြသူကို သက်ဆိုင်ရာဆိုသူတွေက လုပ်ပိုင်ခွင့်အာဏာ၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လက်တလုံးခြား အလွှဲသုံးစား လုပ်ပြီး နည်းအမျိုးမျိုးနဲ့ ငွေကြေး တောင်းခံနေကြပါတယ်။ ငွေ မပေးနိုင်တဲ့သူဆိုရင် ဥပဒေနဲ့ ကိုင်ပေါက်ပြီး ဒုက္ခပေးနေတာဟာ ဓလေ့လိုတောင် ဖြစ်နေပါပြီ။
“ပန်ဆန်းသွားလမ်းက တာကော်အက်တံတားမှာ အဆိုးဆုံးပဲ ရစ်နည်းမျိုးစုံနဲ့ တောင်းလိုက်ကြတဲ့ ပိုက်ဆံအဖွဲ့ပေါင်းစုံဘဲ။ ဝဒေသ ပန်ဆန်းကတဆင့် တရုတ်ကဝင်တဲ့ ကုန်ပစ္စည်းတွေတင်တဲ့ ကုန်ကားကြီးတွေဆိုရင်လည်း ငွေကို လမ်းခင်းပြီး ဖြတ်သန်းသွားလာနေရတာ။ သူတို့တွေကို လုပ်ကျွေးနေရတဲ့အတိုင်းပဲ။ တခါတလေကျရင် ဟိုဘက်ကမ်းမှာ အလုပ်သွားလုပ်တဲ့ ခရီးသည်တွေ ပါလာကြတဲ့ ယွမ်ငွေတချို့တောင် အလကားနေရင်း သိမ်းသွားတတ်ကြသေးတယ်။ တော်တော်ဆိုးဆိုးပါဗျာ” လို့ ကားသမားတစ်ဦးက ကြုံတွေ့နေရတဲ့အခြေအနေကို ရင်ဖွင့်ပြောဆိုပါတယ်။
နောက်ထပ် အတောင်းကြမ်းတဲ့အဖွဲ့ ရှိပါသေးတယ်။ အဲဒါက လဝကနဲ့ မြေစာရင်းပါ။ တန့်ယန်းမြို့ရဲ့ အဓိက စားဝတ်နေရေးအလုပ်တစ်ခု ပြောရရင် နိုင်ငံခြားငွေရရှိတဲ့ အခြားဒေသတွေဆီ အလုပ်ထွက်လုပ်ရတဲ့သူတွေ များလှပါတယ်။ လူငယ်လူရွယ်တွေအနေနဲ့ စားဝတ်နေရေးအတွက်အပြင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ရဲ့ တပ်သားသစ် ကောက်ယူတာတွေကို ရှောင်ဖို့နဲ့ ကျေးရွာတွေဘက်က လက်နက်ကိုင်အဖွဲ့တချို့တောင်းတဲ့ အခွန်အခ ပေးဆောင်ဖို့ အကြောင်းရင်းတွေကြောင့် တခြားဒေသတွေဆီ အလုပ် ထွက်လုပ်ကြရပါတယ်။ ခရီးထွက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စု လုပ်ဆောင်ရာမှာ ပွဲစားတွေနဲ့တဆင့် ငွေပေးပြီး လုပ်ရင် အမြန်ရပါတယ်။ ငွေ မပေးနိုင်ရင်တော့ အချိန်ကြန့်ကြာတာတွေ ကြုံရပါတယ်။
“လေးငါးရက်နဲ့ အမြန်ရမယ့်ကြေးနဲ့ သိန်းနှစ်ဆယ်ကျော်လောက် ပေးခဲ့ရတယ်။ အမြန်ရဖို့ပဲလိုတာ။ ဒါမှ မြန်မြန်အလုပ်ထွက်လုပ်ရမှာပေါ့” လို့ အမြန်ကြေး ပေးခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
တန့်ယန်းမြို့မှာ စစ်မဖြစ်တော့ စစ်ဖြစ်တဲ့ အရပ်ဒေသကလူအပါအဝင် ကျေးရွာကလူနဲ့ အခြားအရပ်ကလူတွေ လာဝယ်ယူကြလို့ မြေတွေ အရောင်းအဝယ် ဖြစ်နေကြပြီး မြို့အစွန်နေရာ ချောင်ကျတဲ့နေရာနဲ့ ကျေးရွာဘက်ပါမကျန် အရောင်းအဝယ်ဖြစ်ကြတော့ မြေနဲ့ပတ်သတ်တဲ့ ဌာနတွေထဲ မပါမဖြစ် ပါဝင်နေတဲ့ စစ်တပ်၊ မြေစာရင်း၊ ထွေအုပ် စတဲ့ဌာနကလည်း ထောကြပါတယ်။ အနိမ့်ဆုံးအဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတောင် မြေနဲ့ပတ်သတ်တဲ့ လက်မှတ်တစ်စောင်ကို ရာခိုင်နှုန်းနဲ့ ယူကြတာပါ။
“ငွေက အတောင်းကြမ်းတဲ့ကြားက ကျမ မြေစာရွက်စာတမ်းလုပ်ဖို့ အခုအုပ်ချုပ်ရေးမှူးရဲ့လက်မှတ် ပါမှရမယ့်အနေအထားမို့ ထောက်ခံစာလက်မှတ် ထိုးပေးခိုင်းတာကို အရင်ရပ်ကွက်အုပ်ကြီးအဟောင်း လက်မှတ် ထိုးထားလို့တဲ့ မလုပ်ပေးနိုင်ဘူးလို့ မာမာထန်ထန် ပြောလွတ်တာ နားကိုမလည်နိုင်တော့ပါဘူးရှင်” ဆိုပြီး ရပ်ကွက်(၂)မှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရပ်ကွက်(၈) မြို့ပြင်ဘက်က မြေလွတ်မြေရိုင်းနေရာတွေမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် DQ ဗိုလ်မှူး နေလင်းဆိုသူ ပိုင်ဆိုင်တဲ့ မြေနေရာများစွာ ရှိကြောင်းနဲ့ ငွေတောင်းတာလည်း ကြမ်းတဲ့အကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုပါတယ်။
“ဗိုလ်မှူး နေလင်းဆိုတဲ့လူက လုပ်ပိုင်ခွင့်အရဆုံးလူလို့တောင် ပြောလို့ရတယ်။ နေရာတကာ သူပါနေရတော့ နေရာတကာ သူ့စားပေါက်တွေချည်းပဲ။ တန့်ယန်းမြို့က စားပေါက်ချောင်တော့ အထက်လူကြီးတွေကို ဘယ်လောက် ပေးကျွေးနေတယ်မသိဘူး။ တခြားသူတွေသာ ပြောင်းပြောင်းသွားတယ်။ သူက ဆယ်စုနှစ်တစ်စုလောက် ရှိနေပြီ။ အခုချိန်ထိ တန့်ယန်းမှာ သာယာနေတုန်း၊ ဘယ်လောက် ချမ်းသာနေပြီလဲ မသိဘူး။ စီးတဲ့ကားကြီးတောင် အကောင်းစားကြီး။ သတင်းဌာနတွေမှာ သူ့မကောင်းသတင်းတွေ ထွက်လာတာတောင် အခုချိန်ထိ သူ့ကို အရေးယူတာတွေဘာတွေ လုပ်တာ မကြားမိသေးဘူး”လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်ဘက်က အရာရှိအပြင် လူထုအပေါ် ဗိုလ်ကျစိုးမိုးသူတွေ ရှိပါသေးတယ်။ တစ်ခုခုဆိုရင် မပါမဖြစ် ပါကြတဲ့ ထွေအုပ်၊ စအဖ၊ SB၊ ယာဉ်ထိန်းနဲ့ တရားရေးအုပ်စုအပြင် ပြည်သူ့စစ်အမည်ခံနဲ့ လက်နက်ကိုင်အဖွဲ့အမည်ခံတွေပါ။ လူထုကို အကျိုးပြုတဲ့အုပ်စု ဘယ်အုပ်စုမှ မရှိပါဘူး။ ပြည်သူ့ကျန်းမာရေးဆေးရုံလို နေရာမှာတောင် ငွေမပါရင် ဆေးရုံတက်လို့ မရပါဘူး။ စည်ပင်နဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ငွေ မပေးရင် ဈေးရောင်းလို့ မရပါဘူး။ မြို့တွင်း လမ်းတိုင်းက ချိုင့်ခွက်ချိုင့်ဝှမ်းကြီးတွေကို သည်းခံပြီး သွားလာနေကြရပါတယ်။ လက်နက်ကိုင်အမည်ခံတချို့ နိုင်ထက်စီးနင်း ပြုမူတာကို လူထုတွေက ခံစားနေကြရပါတယ်။
လက်ရှိ တန့်ယန်းမြို့ရဲ့အနေအထားဟာ မြို့ရဲ့မြောက်ဘက်ပိုင်းက ကျေးရွာဒေသတစ်ခုလုံးနီးပါးကို ဝတပ်- UWSA က အဓိက နေရာယူထားပြီး ကျန်တဲ့ နယ်မြေဒေသတချို့မှာလည်း စခန်းချထားတာ ရှိပါတယ်။ မြို့အတွင်းမှာလည်း လက်နက်အပြည့်အစုံနဲ့ သွားလာလှုပ်ရှားနေဆဲ။
စကစတပ်နဲ့ ဝတပ်ဟာ တန့်ယန်းမြို့နယ်ထဲက လူထုအပေါ် အာဏာရနေတဲ့ အနေအထားလို့ ပြောလို့ရပေမဲ့ မြို့ပေါ်အုပ်ချုပ်ရေးအပိုင်းကိုတော့ ဝတပ် ဝင်ရောက်စွက်ဖက်တာ မတွေ့ရသေးပါဘူး။ ဝတပ် ဝင်ရောက်တပ်စွဲထားတဲ့နေရာက အရင်က မန်ပန် ပြည်သူ့စစ် စိုးမိုးခဲ့တဲ့ နေရာတွေပါ။ ဝတပ် ဝင်လာပြီးနောက် မန်ပန် ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဝတပ် လက်အောက် ခိုဝင်လိုက်တာလိုလို စကစ လက်အောက်မှာ ရှိနေဆဲလိုလို မသေချာမရေရာတဲ့ အနေအထား ဖြစ်နေတာပါ။
မြို့ရဲ့တောင်ဘက်အခြမ်းကို ရှမ်းတပ်- SSPP/SSA က စိုးမိုးထားဆဲဖြစ်ပြီး မြို့ရဲ့အနောက်တောင်ဘက်နားမှာတော့ မိုင်းဟ ပြည်သူ့စစ်တွေ ရှိနေဆဲပါ။ ကျားဖြန့်ရုံတွေဟာ သက်ဆိုင်ရာ လက်နက်ကိုင်တွေ အုပ်စိုးနေတဲ့ ဒေသပတ်ပတ်လည်က ကျေးရွာအနီးတွေမှာ ရှိနေကြတာပါ။ ဘယ်အဖွဲ့ အုပ်စိုးအုပ်စိုး လူထုအနေနဲ့ နီးရာဓား ကြောက်နေကြရဆဲ အနေအထားပါ။
တန့်ယန်းမြို့ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ခရိုင်မြို့အဖြစ် သတ်မှတ်လိုက်ပြီး အရင်ကထက် ခရိုင်အဆင့် မြို့နယ်အဆင့်ဆိုပြီး ဆိုင်ရာပိုင်ရာတွေကို ပိုပြီး ပေးကမ်းနေကြရတာပဲ ရှိပါတယ်။ အာဏာပါဝါရှိသူနဲ့ ပနံသင့်သူ အလွမ်းသင့်သူ ခရိုနီနဲ့ တရားမဝင် မှောင်ခိုလုပ်ငန်း လုပ်ကိုင်ကြတဲ့ အခွင့်ထူးခံများကလွှဲရင် သာမာန်အရပ်သား လူတန်းစားတွေအဖို့ တဖြေးဖြေး ဆုတ်ယုတ်ယိုယွင်းမှုကိုသာ ကြုံတွေ့လာကြတာဟာ မလွှဲဧကန်ပါ။
တန့်ယန်းမြို့မှာ အခုလို အာဏာရပြီး လုပ်ချင်တာလုပ်တတ်တဲ့ အုပ်စုတွေ တစ်အုပ်စုပြီးတစ်အုပ်စု ပြောင်းသွားပြောင်းလာ လုပ်လိုက်ကြတာ သူတို့တွေသာ အထုပ်ကိုယ်စီ ပိုက်ပြီး ပြန်ကြပေမဲ့ ဒေသခံလူထုအတွက် တိုးတက်ပြောင်းလဲလာတာက ဒုက္ခတွေသာ။
ဒါကြောင့် လူထုအချင်းချင်းကြားမှာ တီးတိုးတီးတိုး ရေရွတ်ပြောဆိုကြတဲ့ စကားတစ်ခွန်း ပေါ်လာတာက
“တို့တန့်ယန်းမှာ တိုးတက်ချမ်းသာတာဆိုလို့ ကျားဖြန့်နဲ့ လက်ဖြန့် နှစ်မျိုးပဲ ရှိတယ်” ဆိုတဲ့ လက်သုံးစကားပဲ ဖြစ်ပါတော့တယ်။