တော်လှန်ရေး အားကောင်းတဲ့မြို့လို့ တင်စားခေါ်ဝေါ်တဲ့ မိုးကုတ်မြို့မှာ အုပ်ချုပ်သူ အပြောင်းအလဲ ဖြစ်ပေါ်မယ့်အကြောင်း လူထုတွေ သိခဲ့ရပြီးနောက် မြို့တွင်းက ဒေသခံလူထုတွေဟာ နေ့စဉ်လိုလို မြို့တွင်းကနေ စွန့်ခွာနေကြပါတယ်။
အများစုဟာ မိုးကုတ်မြို့ထဲ စစ်ကောင်စီ ပြန်ဝင်မှာကို စိုးရိမ်တာနဲ့ တိုက်ပွဲ ဆက်ဖြစ်မှာကို စိုးရိမ်တာတွေကြောင့် မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။
ငွေ တတ်နိုင်တဲ့သူတွေကတော့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ တိမ်းရှောင်ကြပြီး ငွေ မတတ်နိုင်သူတွေကတော့ စစ်ဘေး လွတ်နိုင်တဲ့ နီးစပ်ရာ မြို့နယ်တွေမှာ တိမ်းရှောင်ကြပါတယ်။
“ရန်ကုန်ဘက်၊ မန္တလေးဘက် ရှောင်ကြတယ်” လို့ မိုးကုတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ထဲ စစ်ကောင်စီဝင်ဖို့ တအာင်းတပ်က လမ်းကြောင်းအရ ကူညီပေးတာ ဒါမှမဟုတ် တအာင်းတပ်က မြို့တွင်းကနေ ဆုတ်ခွာပြီးနောက် စစ်ကောင်စီက ဝင်လာမလားဆိုတာ လူထုအများစုက စိတ်ဝင်စားနေကြပါတယ်။
လက်ရှိ မိုးကုတ်မြို့မှာ တအာင်းတပ်မတော်- PSLF/TNLA အုပ်ချုပ်ရေး ပုံမှန်လို လည်ပတ်နေပြီး မြို့တွင်းကနေ ဘယ်နေ့ နောက်ဆုတ်မလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
မိုးကုတ်လူထုအများစုကတော့ စစ်ကောင်စီ ပြန်ဝင်လာမှာကို မလိုလားဘဲ မနေ့ နိုဝင်ဘာ ၆ ရက် ညပိုင်းမှာ မိုးကုတ်တစ်မြို့လုံးနီးပါး စစ်အာဏာရှင် အလိုမရှိကြောင်း သံပုံး တီးပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။
“အဓိကတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စကစ ပြန်ဝင်လာမှာကို လူထုတွေက မလိုလားဘူးပေါ့။ သံပုံးတီးပြီး ဆန္ဒပြခဲ့ကြတာပါ” လို့ မိုးကုတ်မြို့တွင်းရှိ နောက်ထပ် မြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။
မနေ့ည ၈ နာရီမှာ ပြုလုပ်တဲ့ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲမှာ မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းရှိ ဒေသခံလူထုအားလုံးနီးပါး ပါဝင်ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအပါအဝင် ၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် လူထုတွေက တော်လှန်ရေးတပ်ကို ကြိုဆိုတဲ့ မြင်ကွင်းတွေကြောင့် တော်လှန်ရေး အားကောင်းတဲ့မြို့လို့ အများစုက မှတ်ချက် ပြုကြပါတယ်။
မိုးကုတ်မြို့ခံ မန္တလေး PDF ခေါင်းဆောင် ဒေါက်တာ စိုးသူရဇော်ကလည်း မနေ့ညပိုင်းက မိုးကုတ်မှာ ပြုလုပ်တဲ့ သံပုံးတီး ဆန္ဒပြမှုအပေါ် စစ်ကောင်စီက စစ်ရေးအရ နယ်မြေ ရနိုင်ပေမဲ့ လူထုတွေရဲ့ အသည်းနှလုံးကိုတော့ ဘယ်တော့မှ မရနိုင်ဘူးလို့ ၎င်းရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“ပြည်သူသာလျှင် အဓိက ဖြစ်ပါတယ်” ဆိုပြီး ဒေါက်တာ စိုးသူရဇော်က ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်တို့ အပစ်ရပ်ဖို့ သဘောတူပြီးနောက် တအာင်းတပ်က ၎င်းတို့ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးရမှာပါ။
တအာင်းတပ် ထိန်းချုပ်ဒေသတွေကို စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ မပြုလုပ်ရဘဲ နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာကနေ အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ မိုးကုတ်မှာ တအာင်းတပ်ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းပြီး နိုဝင်ဘာ ၂၅ ရက်မှာ နောက်ဆုံးထားပြီးတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ အပြီးဆုတ်ခွာပေးရမယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့ပေါ် တအာင်းတပ်က ဆက်ဆံရေးရုံး ဖွင့်လှစ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ မန္တလေး PDF၊ မိုးကုတ်ဗျူဟာအပါအဝင် မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။
“မဟာမိတ်တပ်တွေနဲ့ လက်တွဲပြီး မိုးကုတ်ကို ခုခံကာကွယ်သွားမှာပါ” လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်တွေ ခုခံကာကွယ်ဖို့ဟာ တအာင်းတပ်နဲ့ စစ်ကောင်စီရဲ့ မြို့အုပ်ချုပ်သူ အပြောင်းအလဲ ပြုလုပ်မယ့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။
တအာင်းတပ်ဘက်က မြို့တွင်းကနေ တပ်ဖွဲ့တွေ ဆုတ်ခွာပြီး စစ်ကောင်စီကို လမ်းကြောင်းအရ မကူညီပေးဘဲ ဆုတ်ခွာရင် ကျန်တဲ့ တော်လှန်ရေးတပ်တွေဘက်က မြို့ကို ခုခံကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ လူထုတွေအတွက် အသက်သာဆုံးဖြစ်မယ့် အပစ်ရပ်ဖို့ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ကူမင်းဆွေးနွေးပွဲက စစ်ကောင်စီနဲ့ တအာင်းတပ်တို့အကြား သဘောညီချက် အသေးစိတ်ကိုတော့ လွေးယေဦးက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
ဒါကြောင့် တော်လှန်ရေး အားကောင်းတဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ် ပြန်ဝင်လာရင် စစ်တပ်က ဖမ်းဆီးနှိပ်စက်မှာကို လူထုတွေက စိုးရိမ်နေကြပါတယ်။
တအာင်းတပ်ရဲ့ အုပ်ချုပ်ရေးအပိုင်းမှာ ပါဝင်ခဲ့သူနဲ့ ဆက်စပ်မှု ရှိတဲ့သူတွေကို စစ်တပ်ဘက်က ဖမ်းဆီးတာတွေ မလုပ်ဖို့ ကူမင်းဆွေးနွေးပွဲမှာ သဘောတူညီချက် ရမရတဲ့အပေါ်လည်း မူတည်နေပါတယ်။
“အဓိက တရုတ်ဆွေးနွေးပွဲမှာ ဘယ်လို သဘောတူညီချက် ရမယ်ဆိုတဲ့အဖြေအပေါ်မှာလည်း မူတည်နေတယ်” လို့ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။