ရွှေဖီမြေ၊ မေလ ၉ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်တာဟာ ဒေသခံ‌တွေ မရှိတော့ဘဲ တော်လှန်ရေးတပ်သာရှိလို့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း စစ်ကောင်စီကို ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ရေးသားဖော်ပြနေပါတယ်။

စစ်ကောင်စီတပ်က မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာတော့ အရပ်သားတွေ မရှိကြောင်း လိမ်လည်ရေးသားနေတာကို တွေ့ရပါတယ်။

မေလ ၃ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် သက်ဆိုင်ရာတွေက လာရောက်စစ်ဆေးချိန် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး အဲနေရာတွေမှာ တော်လှန်ရေးအင်အားစုတွေ ရှိလို့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ ပုံစံနဲ့ အကြောင်းအရာအမှားတွေကို ရေးသားဖြန့်ဝေတာ ဖြစ်ပါတယ်။

သတင်းအမှားတွေကို စစ်ကောင်စီရဲ့ ထောက်ခံတဲ့ ဒီချိန်နယ်တွေက ရေးသားထားတာဖြစ်ပါတယ်။

လင့်ခ် – မှိုင်းဝေ- https://archive.is/MUOzI

View of sue – https://archive.is/tif6m

Kyaw Swar – https://archive.is/MINPT

ဒါ့အပြင် တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ တခြားမြို့နယ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ဖို့ အခုလို လှုံ့ဆော်ရေးသားထားတာတွေ တွေ့ရပါတယ်။

#သတင်းအမှားဖြစ်ကြောင်း စစ်ဆေးအတည်ပြုချက်

မေလ ၂ ရက်ကနေ မေလ ၄ ရက်အထိ မိုးကုတ်မြို့ အရှေ့ပိုင်းအပါအဝင် အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ မှန်ကန်ပြီး အရပ်သား ထိခိုက်သေဆုံးခဲ့တာတွေလည်း မှန်ကန်ပါတယ်။

ဒီသတင်းပါ အကြောင်းအရာတွေကို ရွှေဖီမြေသတင်းအေဂျင်စီကလည်း မြေပြင်နဲ့ ဆက်သွယ်မေးမြန်းပြီး “မိုးကုတ် လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ထားပါတယ်။

သတင်းလင့်ခ် – https://www.facebook.com/share/p/12Bc3SntCWv/

ဒါ့အပြင် ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ မဲခေါင်သတင်းဌာနကလည်း “မအောင်မြင်သည့် ဆွေးနွေးပွဲပြီးနောက် မိုးကုတ်ကို စစ်ကောင်စီဗုံးကြဲ၊ ဒေသခံတစ်ဦးသေဆုံး” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://www.facebook.com/share/p/1AYxy41yXc/

မိုးကုတ်အနောက်ပိုင်းက ယုံကြည်ရတဲ့ ရွှေဖီမြေရဲ့ သတင်းအရင်းအမြစ်တွေထံ ရွှေဖီမြေရဲ့ အချက်အလက်စိစစ်သူတွေက စုံစမ်းမေးမြန်းကြည့်ချိန်မှာ အနောက်ပိုင်းမှာ ဒေသခံလူထုတွေ ၅ သောင်း ဝန်းကျင်ရှိနေသေးကြောင်း မေလ ၅ ရက်မှာ အတည်ပြုပြောဆိုထားပါတယ်။

လက်ရှိ မိုးကုတ်မြို့မှာ ရှိနေတဲ့ အမျိုးသားတစ်ဦးကလည်း မိုးကုတ်မြို့အခြေအနေနဲ့ ပတ်သက်ပြီး ရွှေဖီမြေကို အခုလို ပြောဆိုထားပါတယ်။

“ဒီမှာက လော်ဘီတွေပြောသလိုမျိုး တော်လှန်ရေးတပ်တွေဘဲ မဟုတ်ပါဘူး။ ဒေသခံတွေပါဘဲ။ ဗုံးထိတဲ့ လူတွေတောင် ပန်းရံဆရာပါတယ်။ သူတို့က မဖြစ်နိုင်တာကို ပြောနေတာဖြစ်တယ်။ တမင်တကာ အရပ်သားကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်” ပြောပါတယ်။

#သုံးသပ်ချက်

စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တို့ ဆွေးနွေးပွဲအတွင်း ရလဒ်မထွက်ပဲ ပျက်ပြယ်ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ်က အခုလို နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

TNLA ထိန်းချုပ်နယ်မြေအပြင် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်တဲ့ တခြားမြို့တွေမှာလည်း အခုလို ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်လာပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်တိုင်း သေဆုံးသွားခဲ့ရတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေ သေဆုံးတယ်ဆိုတဲ့ ပုံစံနဲ့ စစ်တပ်ရဲ့ လော်ဘီချန်နယ်တွေက အကြောင်းအရာအမှားတွေကို ရေးသားတင်ဆက်လာတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလိုပဲ ဗုံးကြဲတိုက်ခိုက်နေမှာဖြစ်လို့ အရပ်သားလူထုတွေအနေနဲ့ လေကြောင်းအန္တရာယ် ဂရုစိုက်ဖို့ လိုအပ်ကြောင်းကိုလည်း မေလ ၄ ရက်က TNLA ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တားပန်လက သတိပေး ပြောဆိုထားပါတယ်။

စစ်ကောင်စီလော်ဘီတွေရဲ့ ရေးသားလှုံ့ဆော်မှုကြောင့် ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဒေသခံတွေကို ၎င်းရဲ့ လော်ဘီချန်နယ်တွေက အခုလိုပဲ တော်လှန်ရေးအင်အားစုတွေ ရှိလို့ ဗုံးကြဲတယ်ဆိုတဲ့ ပုံစံမျိုး အကြောင်းအရာအမှားတွေကို ဆက်တိုက်ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

သတင်းတု သတင်းအမှားတွေနဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Fact-checking Network – MFCN ကလည်း အလားတူ ဖြစ်စဉ်ကို စစ်ဆေးထားပါတယ်။

ဝင်ရောက်ကြည့်ရှု့ရန်လင့်ခ် – https://www.facebook.com/myanmarfactcheckingnetwork/videos/1193664105302641/

ဒါ့ကြောင့် ရွှေဖီမြေရဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ယက်ပေါ် တက်လာတဲ့ သတင်းတွေတိုင်းကို ချက်ချင်းမယုံကြည်ကြဘဲ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေမှာ ဝင်ရောက်ရှာဖွေ ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဝိုင်းပိတ်ထားတာကြောင့် TNLA က အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် TNLA က မြို့လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ကြေညာလိုက်ရတယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်နေပါတယ်။

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။