၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတဝန်း စစ်ရေးအရှုံးများနေတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဝင်ရောက်လာချိန်မှာ စစ်ရေးအရ နယ်မြေတချို့ကို ပြန်ရရှိခဲ့ပြီး စစ်ကောင်စီ ပြန်လည်ခေါင်းထောင်လာတဲ့ နှစ်ဆိုရမှာ ဖြစ်ပါတယ်။
လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်လာတာကို ကြည့်ရင် ခေတ်မီ ဒရုန်းနည်းပညာကို အသုံးပြုလာနိုင်ခြင်းဟာ ၂၀၂၅ ခုနှစ် စစ်ပွဲအတွင်း စစ်ကောင်စီကို စစ်ရေးအရ ပြန်ခေါင်းထောင်လာစေတဲ့ အချက်အဖြစ် တွေ့နိုင်ပါတယ်။
ရန်သူရှိတဲ့နေရာတွေကို ထောက်လှမ်းနိုင်ခြင်း၊ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုထက် ကုန်ကျစရိတ်သက်သာခြင်းတွေကြောင့် ဒရုန်းဟာ စစ်ကောင်စီအတွက် အဓိက လက်နက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ စစ်တပ်ရဲ့ စစ်ရေးအရှုံးများ
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကိုသာ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။
ရှမ်းမြောက်မှာဆိုရင် စစ်ကောင်စီတပ်ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် မြို့ပေါင်း ၂၀ ကျော်ကို တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ် (MNDAA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ထံ လက်လွှတ်ဆုံးရှုံးထားခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မှာလည်း မြို့ပေါင်း ၁၄ ခုကို ဆုံးရှုံးခဲ့သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုပါ အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရသာမက နိုင်ငံရေးအရပါ စစ်ကောင်စီအတွက် ထိခိုက်မှုကြီးမားစေခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာတော့ ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ကရင်နီတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒေသကွပ်ကဲစစ်ဌာနချုပ် အခြေစိုက်ရာ ပြည်နယ်မြို့တော် လွိုင်ကော်မြို့ကိုပါ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။
ကချင်ပြည်နယ်မှာလည်း KIA က အထူးဒေသ (၁) အတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားခဲ့တဲ့ မြို့တွေ အပါအဝင် မြို့ပေါင်း ၁၀ ခုကျော်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကိုပါ စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ချင်းပြည်နယ်မှာ မြို့နယ် ၇ ခုကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပြည်နယ်ရဲ့ နေရာ အများစုကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မန္တလေးတိုင်းမှာလည်း စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း စတဲ့ မြို့နယ်များအထိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေးမြို့ကိုပါ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင် စစ်ကောင်စီဟာ မြို့ပေါ်အချို့ နေရာတွေကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး ကျန်ဒေသအများစုကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီလို စစ်ရေးအရှုံးတွေကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပါ ထောက်ခံသူ စစ်လော်ဘီတွေက စစ်ခေါင်းဆောင်ရာထူးကနေ ဆင်းပေးဖို့ ဖိအားပေးလာရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။
တရုတ်ရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်ရခဲ့တဲ့ နယ်မြေတွေ
စစ်ရေး၊ နိုင်ငံရေးအရှုံးတွေကနေ စစ်ကောင်စီ ပြန်ခေါင်းထောင်လာနိုင်ဖို့ တရုတ်နိုင်ငံရဲ့ ပါဝင်ကူညီမှုဟာ ၂၀၂၅ ခုနှစ်အတွင်း ပိုမိုမြင်သာလာတာ တွေ့ရပါတယ်။
တရုတ်ရဲ့ ဖိအားကြောင့် MNDAA က ၎င်းတို့ထိန်းချုပ်ထားခဲ့တဲ့ တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို သေနတ်တစ်ချက်မှ မဖောက်ဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရတာဟာ တရုတ်ဘက်က စစ်ကောင်စီကို ထောက်ခံနေကြောင်း ပိုမိုထင်ရှားစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာလည်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ တအာင်းတပ်နဲ့ စစ်ကောင်စီ အကြား အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ပြီး တအာင်းတပ်က ၎င်းတို့ ထိန်းချုပ်ထားခဲ့တဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးခဲ့ရပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးတပ်တွေကို စစ်ရေးအကူအညီ မပေးနိုင်အောင် တရုတ်နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်တွေကို ဖိအားပေးတာတွေကိုလည်း တရုတ်ဘက်က ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
ဒရုန်းနည်းပညာနဲ့ စစ်ကောင်စီရဲ့ ပြန်ခေါင်းထောင်လာမှု
၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ စစ်ရေးအရှုံးတွေ ကြုံခဲ့ရတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဝင်ရောက်လာချိန်မှာ အတင်းအဓမ္မ စုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့အတူ ခေတ်မီ ဒရုန်းနည်းပညာကို အသုံးချလာနိုင်ခဲ့တာဟာ ဆုံးရှုံးခဲ့တဲ့ နယ်မြေတချို့ကို ပြန်လည်ရရှိစေတဲ့ အရေးကြီးအချက်တစ်ခု ဖြစ်လာပါတယ်။
စစ်ကောင်စီတပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး တော်လှန်ရေးတပ် စခန်းတွေကို ကြိုတင်ထောက်လှမ်းနိုင်သလို မြေပြင်တပ်တွေ မရောက်နိုင်တဲ့ နေရာတွေကို ဒရုန်းကနေ တိကျစွာ ပစ်ခတ်နိုင်လာခဲ့ပါတယ်။
ရွှေဖီမြေက စကားပြောခွင့်ရတဲ့ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း စစ်မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေးတပ်တွေရဲ့ အပြောအရ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးတပ်တွေကို အထိနာစေဆုံး လက်နက်တစ်ခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ် စခန်းတွေကို ပြန်လည်တိုက်ခိုက်ယူရာမှာ စစ်ကောင်စီတပ်ဟာ အရင်ဆုံး ဒရုန်းနဲ့ ထောက်လှမ်းပြီး ဗုံးကြဲတိုက်ခိုက်ကာ ထို့နောက် မြေပြင်တပ်တွေကနေ ထိုးစစ်ဆင်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလို ခေတ်မီ ဒရုန်းနည်းပညာတွေကို စစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားတို့ကနေတစ်ဆင့် ရရှိနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
၂၀၂၅ ခုနှစ်ကုန်အထိ စစ်ကောင်စီအခြေအနေ
၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ကို တရုတ်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူနိုင်ခဲ့သလို စစ်ရေးနည်းလမ်းတွေ အသုံးပြုပြီး ပြန်တိုက်ယူနိုင်ခဲ့တာတွေကို တွေ့ရပါတယ်။
ရှမ်းမြောက် လားရှိုး၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို တရုတ်အကူအညီနဲ့ ပြန်လည်ရယူနိုင်ခဲ့ပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကိုတော့ စစ်ရေးနည်းလမ်းနဲ့ ပြန်တိုက်ယူနိုင်ခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာတော့ မိုးဗြဲ၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို မန္တလေးတိုင်းအတွင်းမှာလည်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေထဲက နယ်မြေတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီနဲ့ မကွေးတိုင်းတွေ အပါအဝင် လက်လွှတ်ထားခဲ့တဲ့ နယ်မြေတွေကို စစ်ကောင်စီက ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ရွေးကောက်ပွဲနဲ့ အာဏာတည်မြဲရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှု
စစ်ရေးအောင်မြင်မှုတချို့ ရရှိလာတာနဲ့အတူ စစ်ကောင်စီဟာ ၎င်းရဲ့ အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းလာနေတာကိုလည်း တွေ့ရပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း (၁) ကို စစ်ကောင်စီက ကျင်းပသွားမယ်လို့ ကြေညာထားပြီး တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါဟာ စစ်ရေးအောင်မြင်မှုအချို့ကို အခြေခံပြီး နိုင်ငံရေးအရ တရားဝင်မှု ရယူလိုတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတစ်ရပ်လို့ သုံးသပ်နိုင်ပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ်မှာတော့ တော်လှန်ရေးတပ်တွေဘက်က သံတမန်ရေးနည်းလမ်းတွေ၊ ဒရုန်းကာကွယ်ရေးနည်းပညာတွေ၊ လေကြောင်းအန္တရာယ်ကို လျှော့ချနိုင်မယ့် နည်းလမ်းတွေအပြင် နည်းပညာပိုင်းဆိုင်ရာ တုန့်ပြန်နိုင်မယ့် စစ်ရေးဗျူဟာတွေကို ဆက်လက် ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်လာမယ်လို့ သုံးသပ်ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။