ပုံစာ – ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကျောက်မဲဆေးရုံ

By မိုင်းရူပ၊ ရွှေဖီမြေ

တရုတ်နိုင်ငံက စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PSLF/TNLA တို့ တွေ့ဆုံမယ့် ကူမင်း ဆွေးနွေးပွဲမှာ ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ်လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ PSLF/TNLA ဒုဥက္ကဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ မဟာမိတ် ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ၉ ဦးဟာ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ကိုးကန့်တပ်မတော်- MNDAA နဲ့ ဆွေးနွေးခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်မှာဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ စစ်ကောင်စီနဲ့ TNLA အကြား ဆွေးနွေးမှု စတင်မှာ ဖြစ်ပါတယ်။

“ကျမတို့ တွေ့ဆုံမှုက လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြဖို့နဲ့ ဒေသခံတွေ လူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြဖို့ ဖြစ်ပါတယ်” လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး နယ်မြေကိစ္စအတွက် ဆွေးနွေးမှု ရလဒ်ပေါ် မူတည်တယ်လို့ လွေးယေဦးက ဆက်ပြောပါတယ်။

၁ဝ၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း TNLA ဟာ ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံ စတဲ့ မြို့ ၇ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို စတင်ခဲ့ပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ စတဲ့မြို့ ၅ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA နဲ့အတူ နွေဦးတော်လှန်ရေး အင်အားစုတွေလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ပေးဆပ်မှုတွေ များစွာ ရှိထားတာကြောင့် တချို့အပေးအယူကိစ္စတွေ လွယ်လွယ်နဲ့ လုပ်လို့မရဘူးလို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲ ပြောဆိုထားပါတယ်။

ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီ အမြစ်ပြတ်ရေးအတွက် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေး အင်အားစုတွေအတွက် သတင်းကောင်း မဟုတ်ပေမဲ့ TNLA ထိန်းချုပ်ဒေသက စစ်ဘေးဒဏ်ကို အလူးအလဲ ခံနေရတဲ့ လူထုတွေအတွက်တော့ မျှော်လင့်ချက်များစွာ ရှိနေပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံလူထုတွေ နေ့စဉ် သေဆုံးနေရသလို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် ကုန်ပစ္စည်း အဆမတန် ဈေးကြီးတဲ့ဒဏ်ကို ဒေသခံတွေ ခံစားနေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လတည်းမှာပင် TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရုတ်ဘက်က နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မီးသွေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ ဒေသခံတွေ မီးသွေး တင်ပို့လို့ မရတော့ဘဲ အခက်အခဲ ကြုံနေကြရပါတယ်။

လေကြောင်းဒဏ်ကို မကြာခဏ ခံနေရတဲ့ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ခံ ဦးမောင်(အမည်လွဲ)ကတော့ ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ လူထုတွေအပေါ် ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှု ရပ်တန့်ပေးဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ဗုံး မကြဲတော့ဘူးဆိုရင် ကျနော်တို့က မကြောက်တော့ဘူးလေ။ ဗုံး မကြဲတော့ဘူးဆိုရင် အေးအေးချမ်းချမ်း နေလို့ရမယ်။ ဗုံး ခဏခဏ လာကြဲတာပဲ ကြောက်တယ်”

ကျောက်မဲမြို့ကို TNLA ထိန်းချုပ်ပြီးနောက်ပိုင်း စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ကျောက်မဲဆေးရုံအပါအဝင် နေအိမ်အများစု ပျက်စီးခဲ့ပြီး အရပ်သား ဆယ်နဲ့ချီလည်း သေဆုံးခဲ့ပါတယ်။

ဒါအပြင် မီးသွေးလုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ TNLA ထိန်းချုပ်ဒေသထဲက မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင် စတဲ့ဒေသမှ လူထုတွေကတော့ ဒီဆွေးနွေးပွဲမှာ တရုတ်နယ်စပ်ဂိတ်တွေ ဖွင့်ပေးရေးအတွက် မျှော်လင့်နေကြပါတယ်။

ဒီနှစ် မီးသွေးရာသီမှာ တရုတ်နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် မီးသွေးဈေးတွေ မရတော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ မီးသွေးတစ်အိတ်ကို ၁ သောင်းဝန်းကျင်ရပေမဲ့ ဒီနှစ် မီးသွေးရာသီမှာတော့ မီးသွေးတစ်အိတ်ကို ၅ ထောင်ကျပ်ဝန်းကျင်သာ ရပါတော့တယ်။

မန်တုံမြို့နယ်မှာ နေထိုင်တဲ့ တအာင်းလူငယ် မိုင်းအိုက်စံကတော့ စစ်ကောင်စီနဲ့ TNLA အကြား ဆွေးနွေးပွဲမှာ အပစ်ရပ်ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“တရုတ်နယ်စပ်တွေ ပိတ်ထားတော့ တအာင်းဒေသမှာ ရိုက်ခတ်မှု အများကြီးရှိတယ်။ မီးသွေးတွေလည်း ရောင်းလို့ မရဘူး။ တခြားဝင်ငွေ မရှိတော့ ဒီဘက်ဒေမှာ ရပ်တည်ဖို့ မလွယ်ဘူး။ လက်ဖက်ဆိုလည်း နမ့်ဆန်မြို့နယ်လောက် မလုပ်ကြဘူးလေ”

ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မန္တလေးကနေ ရှမ်းမြောက်ဘက် တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်တပ်ဘက်က ပိတ်ပင်မှု ပြုလုပ်နေပြီး ရှမ်းမြောက်ရှိ ခရီးသည်တွေကို စစ်ဆေးမှု တင်းကြပ်နေသလို ကားခလည်း ဈေးအဆမတန် မြှင့်တက်နေပါတယ်။

ဒါ့ကြောင့် မန္တလေး-မူဆယ်သို့ ဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီး ပြန်ဖွင့်ဖို့ကိုလည်း ဒေသခံတွေ မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာလည်း တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား တရုတ်နိုင်ငံမှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီး အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြောင်း တရုတ်က ကြေညာပေးခဲ့ပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု မတွေ့ရတော့ပါဘူး။

TNLA တပ်ဘက်တော့ လူထုတွေ ခံစားနေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စစ်ကောင်စီနဲ့ တွေဆုံပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့မှာတော့ တော်လှန်ရေး အင်အားစုနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင် တော်လှန်တိုက်ခိုက်သွားမယ်လို့ TNLA က ကြေညာထားကြောင်း…။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။