By မိုင်းရူပ၊ ရွှေဖီမြေ

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-PSLF/TNLA ရဲ့ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုဟာ ရလဒ်မထွက်ဘဲ ပြီးနောက်ပြီးနောက် TNLA ထိန်းချုပ်ဒေသကို စစ်ကောင်စီလေကြောင်းက ၂ ကြိမ်ထက်မနည်းဗုံးကြဲခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၁၀ဦး ထက်မနည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၈နာရီကျော်အချိန်မှာ တအာင်းထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာရှိတဲ့ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခွဲဝန်းကျင်မှာလည်း နောင်ချိုမြို့နယ် လောက်ဖန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးနဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အဖွားတစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“ဂျက်နဲ့ ရွာထဲ ၂ လုံးလာကြဲတာ။ အဖွားကြီးတစ်ယောက်ကတော့ ထိပြီးပွဲချင်းသေတယ်။ ပေါင် ၅၀၀ ဗုံးမကွဲလို့ တော်သေးတာပေါ့” လို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်စဉ် လောက်ဖန်းရွာ ရှိနေတဲ့သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခွဲဝန်းကျင်မှာလည်းTNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ်ရှိ မန်ဆာကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူအချို့ ရှိခဲ့ပါတယ်။

ဒါအပြင် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ နောင်ချိုမြို့နယ် နားရှိုးကျေးရွာထဲမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် TNLA ထိန်းချုပ်ထားတဲ့ ရှေတန်း ကာကင်းစခန်းအချို့ ပြန်လည်လွတ်ခဲ့ရတာတွေရှိနေပြီး နှစ်ဖက်တပ်အထိအခိုက် ကျဆုံးမှုလည်း များပြားခဲ့ပါတယ်။

“မနေ့ နားရှိုးမှာ တနေကုန် တိုက်ပွဲပြင်းထန်တယ်။ လေယာဉ်နဲ့လည်း လာပစ်တာရှိတယ်။ ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) မနက် ၄ နာရီကတည်းက တိုက်ပွဲဖြစ်နေတာ” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြောက်တပ်တွေ တည်ရှိရာ နောင်ချိုမြို့နယ် တောင်ခမ်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA အကြား ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတာ ၆ လ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေမှာတော့ မနေ့ ဖေဖော်ဝါရီ ၂ဝ ရက်မှာ တောင်ခမ်းရှိ TNLA ထိန်းချုပ်ထားတဲ့ ဆယ်တောင်ပြည့်ဘုရားကုန်းနဲ့ မန်မော်ကုန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဝါဒဖြန့်ရေးသား ဖော်ပြနေကြပါတယ်။

တောင်ခမ်းကျေးရွာဟာ နောင်ချို-ရှမ်းတောင် ရပ်စောက်မြို့နယ်ကို ကြားမှာ တည်ရှိပြီး စစ်ရေးအရ အရေး ပါတဲ့ နေရာ ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေးကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုလုပ်လာတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အောက်တိုဘာလ နောင်ချိုမြို့နယ် ဘန်ဘွေးကျေးရွာကနေ တစ်ဆင့် ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ လက်ရှိမှာ ပြင်ဦးလွင်နဲ့ နောင်ချို့မြို့ကြားရှိ အုမ္မတီးကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA အကြား ထိတွေ့မှုတွေ ဆက်ရှိနေပါတယ်။

စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေ တည်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ အနီးဆုံးမှာတည်ရှိတဲ့ နောင်ချိုမြို့ကို TNLA က ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားဖြစ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ စစ်ကောင်စီနဲ့ TNLA အကြား ၂ ရက်ကြာဆွေးနွေးခဲ့ပြီး ရလဒ်မထွက်ခဲ့ဘူးလို့ TNLA ဘက် ကြေညာထားပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ TNLA နှစ်ဖက်တပ် ရောက်ရှိထားတဲ့ နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲဖို့၊နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ လေယာဉ်ဗုံးကြဲချခြင်းအစရှိတဲ့ စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်တန့်ဖို့နဲ့ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသမှာ ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးများ သယ်ဆောင်နိုင်ဖို့ ဖြတ်သန်းသွားလာခွင့်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ဘာတွေဆွေးနွေးခဲ့တာလဲဆို TNLA က ထုတ်ဖော်ပြောဆိုတာ မရှိသလို စစ်ကောင်စီတပ်ဘက်ကလည်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရွှေဖီမြေစုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ ဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေကို စစ်ကောင်စီတပ်ဘက် ကျော်လွန်ပြီး လုပ်ဆောင်လို့ မရကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ ရလဒ်မထွက်တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ပြင်ဆင်မှုတွေ ပြုလုပ်ပြီးရင် တရုတ်ရဲ့ အစီအစဥ်နဲ့ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံမယ်လို့ TNLA က ဆိုပါတယ်။

နောက်တစ်ကြိမ် တွေဆုံမှုမှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးအသာစီး ရယူနိုင်ဖို့ TNLA ရဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဖို့ လိုအပ်တယ်လို့ TNLA က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ကိုးကန့်တပ်က လားရှိုးမြို့ကနေ ဆုတ်ခွာတော့မှာလား

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီ ၁၈ ရက်ကစပြီး အပစ်ရပ်ပြီဖြစ်ကြောင်း တရုတ်က ကြေညာပေးပြီးနောက် ကိုးကန့်တပ်တွေအနေနဲ့ လားရှိုးကနေ ဆုတ်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဝမ်ဟိုင်းအနီးရှိ ကျားဖြန်ရုံက ရိုက်နှက်နှိပ်စက်ခံနေရတဲ့ လူငယ်တွေကို ဆေးကုသပေးခဲ့ရတဲ့ သူနာပြု မနန်းပြောပြတဲ့ ကျားဖြန်ရုံတွေရဲ့ ရက်စက်မှုများ

သူနာပြုပညာတတ်ထားတဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ မနန်း(အမည်လွှဲ)တစ်ယောက် ရှမ်းမြောက် တန်ယန်းမြို့မှာ သူနာပြုအလုပ်ခေါ်စာ အွန်လိုင်းစာမျက်နှာပေါ်ကနေ တွေ့ခဲ့ပြီး အလုပ်ခေါ်စာထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး သူနာပြုအလုပ်လုပ်ဖို့ လျှောက်ခဲ့ပါတယ်။

ကူမင်း ဆွေးနွေးပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ပေးနိုင်မလား

တရုတ်နိုင်ငံက စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PSLF/TNLA တို့ တွေ့ဆုံမယ့် ကူမင်း ဆွေးနွေးပွဲမှာ ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ်လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက ဟန်ပြဖမ်းနေပေမယ့် မိုင်းရယ်က ကျားဖြန်လုပ်ငန်း အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ကြီးထွားနေ

ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံက သရုပ်ဆောင် လူကုန်ကူးခံနေရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရချိန် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန်လုပ်ငန်းတွေ ဆက်လက်ကြီးထွားနေပါတယ်။