ပုံစာ- တန့်ယန်းမြို့ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၆

မိုင်းဇူလိုင် ရေးသည်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံလူထုအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းကြမ်းနေကြပါတယ်။

အုပ်ချုပ်ရေးမှူးတွေကို လူထုက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘဲ အာဏာသိမ်းပြီးနောက် စစ်တပ်က ရွေးချယ်ခန့်အပ်ခဲ့တာပါ။

မြို့ပေါ်မှာ ရပ်ကွက် ၁ဝ ရပ်ကွက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ဟာ ရပ်ကွက်အတွင်းရှိ အိမ်ခြံမြေ ရောင်းဝယ်မှုမှာ အရပ်သားစာချုပ်လက်မှတ် ရေးထိုးခ အဆမတန် တောင်းခံနေကြတဲ့အပြင် အခြားထောက်ခံစာအတွက်ပါ ငွေ တောင်းခံနေကြကြောင်း ဒေသခံတွေက ပြောပါတယ်။

တန့်ယန်းမြို့ပေါ်မှာ ရပ်ကွက်(၁၀)ရပ်ကွက်ရှိတဲ့အထဲ ရပ်ကွက် ၂၊ ၅၊ ၆၊ ၇၊ ၈၊ ၉ စတဲ့ရပ်ကွက် ၆ ရပ်ကွက်ဟာ ကျယ်ဝန်းတဲ့ မြို့စွန်မြေနေရာတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် အိမ်ခြံမြေ အရောင်းအဝယ်ဖြစ်တဲ့ ရပ်ကွက်တွေ ဖြစ်ပါတယ်။

အရောင်းအဝယ်ဖြစ်ကြတဲ့အလျောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံတွေ အရောင်းအဝယ်စာချုပ် လုပ်ရာမှာ လက်မှတ်ရေးထိုးခ အဆမတန် တောင်းခံနေကြကြောင်း အရောင်းအဝယ်လုပ်ဖူးသူတွေက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီထဲက ရပ်ကွက် ၂ အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအောင်ဆိုသူက အကြောင်းအမျိုးမျိုးပြပြီး ထောက်ခံစာ လာလုပ်တဲ့သူကို တစ်ဦးလျှင် ၂ သောင်းနဲ့ ဧည့်စာရင်း လာတိုင်တဲ့သူတွေကိုလည်း အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းနေတယ်လို့ တန်ယန်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဆိုးဆုံးက ရပ်ကွက် ၂ ပါ။ ထောက်ခံစာတစ်ခုလုပ်ရင် ၂ သောင်းတဲ့ အဲလိုမျိုးတွေပေါ့။ ဧည့်စာရင်း တိုင်လည်း တောင်းတယ်။ သူမကြည်တဲ့သူ၊ ငွေမပေးတဲ့သူဆို ထောက်ခံစာကို မရေးပေးတာ။ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ရင်လည်း ရက်ကွက်အုပ်ချုပ်ရေးမှူးတွေက လက်မှတ် ထိုးပေးရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘယ်လောက် ရာအိမ်မှူးဘယ်လောက် အဲလိုလုပ်တာ”

လူထုတွေအပေါ် ရပ်ကွက် ၂ အုပ်ချုပ်ရေးမှူးဆိုသူက အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းကြမ်းနေတယ်ဆိုတဲ့သတင်း ထွက်ပေါ်ပြီးနောက် ၎င်းရဲ့လက်အောက်ခံတွေကို အစည်းအဝေး ခေါ်ယူပြီး ကောက်ခံတာ မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

“ရုံးရန်ပုံငွေအတွက်လို့ ပြောတာ။ ပြည်သူတွေအတွက် ဘာလုပ်ပေးတာမို့လို့တုန်း။ သူတို့ စားဖို့အတွက်ပဲပေါ့”

မြေဝယ်သူတစ်ဦးကလည်း “ရပ်ကွက်(၆) မြို့စွန်ဘက် ရွာအစပ် ချောင်းထဲက မြေ ပေ ၅၀၊ ၆၀ ကို သိန်းနှစ်ရာလောက်နဲ့ ဝယ်တာဗျာ။ ရပ်ကွက်အနေနဲ့ အသိသက်သေ တံဆိပ်တုံးနဲ့ လက်မှတ် ရေးထိုးပေးဖို့အတွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးအတွက်အပါအဝင် ရှစ်သိန်းကျော် ပေးခဲ့ရတာဗျာ။ တခြားသိန်းထောင်ချီတွေဆိုရင် ဘယ်လောက်များ ပေးရလိမ့်မလဲ။ ကိုယ်က အရောင်းအဝယ်အရ နည်းနည်းပါးပါး ခိုင်မာစေချင်တော့ အစိုးရက ခန့်ထားတဲ့ သူတို့ဆီ မလွှဲမရှောင်သာ ပေးဆောင်နေရတာပေါ့။ အနည်းဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်မှတ်မှ မပါရင် အရောင်းအဝယ် လုပ်လို့မရတော့လည်း ပေးနေရတာပေါ့ဗျာ” လို့ ပြောပါတယ်။

ရပ်ကွက် ၁၊ ၃၊ ၄၊ ၁၀ အုပ်ချုပ်ရေးမှူးကလွှဲပြီး ကျန်ရပ်ကွက် ၂၊ ၅၊ ၆၊ ၇၊ ၈၊ ၉ အုပ်ချုပ်ရေးမှူးတွေဟာ စားပေါက်အချောင်ဆုံးဖြစ်ပြီး အဲဒီအထဲက ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအောင်က အဆိုးဆုံးဖြစ်ကြောင်း ရပ်ကွက်(၂)အတွင်း နေထိုင်သူတွေကလည်း ပြောဆိုကြပါတယ်။

“ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအောင်က အိမ်ခြံမြေအရောင်းအဝယ်ဆိုရင် ၄ ရာခိုင်နှုန်း ယူတယ်။ ခရီးသွားထောက်ခံစာလိုမျိုးနဲ့ အခြားထောက်ခံစာတစ်စောင်ကို ၂ သောင်း၊ ဧည့်စာရင်းတိုင်ရင် လူတစ်ဦးကို ၅ ထောင်နှုန်း အဲလိုယူတာ။ သူနဲ့အဆင်မပြေတဲ့သူဆိုရင် လက်မှတ် မထိုးပေးဘူး” လို့ ရပ်ကွက်(၂)မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဦးစိုင်းထွန်းအောင်ဟာ တန့်ယန်းမြို့ ရပ်ကွက်(၂)မှာ “မွေဦး” ဧည့်ရိပ်သာ ဖွင့်လှစ်ထားတဲ့အပြင် မြေကွက်ပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ရပ်ကွက်ပိုင် မြေတချို့ကို အကွက်ရိုက်ပြီးတော့ တစ်ကွက်လျှင် ကျပ်သိန်းတစ်ထောင်နဲ့ ရောင်းချနေကြောင်း၊ ဧည့်ရိပ်သာအသစ်ကိုလည်း တိုးချဲ့ဆောက်လုပ်နေပြီး ၎င်းရဲ့ အိမ်ကိုလည်း သုံးထပ်တိုက်ကြီးပါ ဆောက်လုပ်နေကြောင်း၊ ဝယ်ယူထားတဲ့ သေနတ်ကို ခါးကြား ပေါ်တင် ထိုးထားပြီးတော့ လူထုကြား သွားလာနေကြောင်း၊ စကစ ခန့်ထားသူ ဖြစ်သောကြောင့် အထက်ဖားအောက်ဖိ လုပ်နေတာကို ရပ်ကွက်သူအတွင်း နေထိုင်သူတွေက မပြောရဲဘဲ ငုံ့ခံနေရကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ သတင်းပျံ့နေသူလည်း ဖြစ်ပါတယ်။

လူထုအကျိုး မကြည့်ဘဲ ကိုယ်ကျိုးအတွက်သာ အဓိကထား လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးထဲမှာ စိုင်းထွန်းအောင်အပြင် ရပ်ကွက်(၅) အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်း၊ ရပ်ကွက်(၆) အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နီ၊ ရပ်ကွက်(၇) အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ ရပ်ကွက်(၈) အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး၊ ရပ်ကွက်(၉) အုပ်ချုပ်ရေးမှူး ဦးဆန်လွတ်တို့လည်း ပါဝင်နေကြောင်း ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

“ရပ်ကွက်တွေထဲမှာ အကျယ်ဆုံးနဲ့ လူဦးရေ အများဆုံးက ရပ်ကွက်(၂)ပဲ။ ချောင်ကလောင်ပါမကျန် အကုန်အိမ်တွေဖြစ်ကုန်ပြီ။ ရပ်ကွက်(၇)နဲ့ ရပ်ကွက်(၆)စပ်တဲ့နေရာက ကျောက်တောင်သင်္ချိုင်းထဲမှာ အုတ်ဂူတွေနဲ့အတူ လူနေအိမ်တွေ ရောထွေးနေကြကုန်ပြီ။ ရပ်ကွက်(၈)ဆိုရင်လည်း နန်းစမ်းဖူးဂူ အကြောင်းပြုပြီး လမ်းကောင်းတွေ ခင်းထားတော့ အဲအနီးပတ်ဝန်းကျင်က မြေနေရာ မြေအလွတ် မရှိတော့ဘူး။ မြို့စွန်ဘက်က တခြားမြေနေရာတွေလည်း အလွတ်မရှိတော့ဘူး။ ဘယ်သူတွေက ဘယ်လို လုပ်ရောင်းကြတယ်မသိဘူး။ အထက်ကနေအဆင့်ဆင့် အောက်ခြေအုပ်ချုပ်ရေးမှူးအထိ လုပ်စားနေကြတော့ လူထုတွေ နေရာတိုင်း ငွေ မပါရင် ဘာမှလုပ်မရတော့ဘူး” လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တန့်ယန်းမြို့ကို ခရိုင်မြို့အဖြစ် သတ်မှတ်လိုက်ကြပြီး စစ်တပ် လက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖြစ် ပြောင်းလဲအုပ်ချုပ်လိုက်တာပဲ ဖြစ်ပါတယ်။

တန့်ယန်းမြို့နယ်အတွင်း ရှမ်းလူမျိုး အများဆုံး နေထိုင်ပြီး တအာင်း၊ ဝ၊ ဗမာ၊ လားဟူ၊ လီဆူ၊ မြန်မာပြည်ဖွားတရုတ်လူမျိုးနဲ့ တခြားတိုင်းရင်းသားတွေပါ ရောနှောနေထိုင်ကြတဲ့ဒေသ ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင် စာရင်းအရ တန့်ယန်းမြို့ပေါ် ရပ်ကွက်(၁၀)ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ရွာပေါင်း ၆၀၁ ရွာ၊ လူဦးရေ ၃ သိန်းကျော်နဲ့ အိမ်ခြေ ၃ သောင်းကျော် ၄ သောင်းနီးပါး ရှိပါတယ်။

အာဏာသိမ်းပြီးနောက် တခြားဒေသနဲ့ တခြားကျေးရွာဘက်ကနေ ပြောင်းရွှေ့နေထိုင်လာသူ များလာတဲ့အတွက် လူဦးရေနဲ့ အိမ်ခြေဟာ အရင်ကထက် ပိုများလာနိုင်တဲ့ဒေသ ဖြစ်နေပါတယ်။

ရှမ်းမြောက် တန့်ယန်းမြို့ထဲ “ဝ”တပ်မတော်- UWSA က ၁ဝ၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း အင်အား ၂ ထောင်နဲ့ ၂ဝ၂၄ ဇူလိုင် ၁၁ ရက်က ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းကိုတော့ စစ်ကောင်စီ လက်အောက်ခံကသာ စီမံခန့်ခွဲနေဆဲ ဖြစ်ပါတယ်။

တန့်ယန်းမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ “ဝ”တပ်ဖွဲ့အပြင် တအာင်းတပ်မတော်၊ ကိုးကန့်တပ်မတော်၊ ရှမ်းတပ်မတော်- SSPP/SSA နဲ့ ပြည်သူ့စစ်တွေ သွားလာလှုပ်ရှားနေကြတဲ့ဒေသလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ကိုးကန့်တပ်က လားရှိုးမြို့ကနေ ဆုတ်ခွာတော့မှာလား

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီ ၁၈ ရက်ကစပြီး အပစ်ရပ်ပြီဖြစ်ကြောင်း တရုတ်က ကြေညာပေးပြီးနောက် ကိုးကန့်တပ်တွေအနေနဲ့ လားရှိုးကနေ ဆုတ်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

စစ်ကောင်စီက ဟန်ပြဖမ်းနေပေမယ့် မိုင်းရယ်က ကျားဖြန်လုပ်ငန်း အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ကြီးထွားနေ

ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံက သရုပ်ဆောင် လူကုန်ကူးခံနေရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရချိန် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန်လုပ်ငန်းတွေ ဆက်လက်ကြီးထွားနေပါတယ်။

ဝမ်ဟိုင်းအနီးရှိ ကျားဖြန်ရုံက ရိုက်နှက်နှိပ်စက်ခံနေရတဲ့ လူငယ်တွေကို ဆေးကုသပေးခဲ့ရတဲ့ သူနာပြု မနန်းပြောပြတဲ့ ကျားဖြန်ရုံတွေရဲ့ ရက်စက်မှုများ

သူနာပြုပညာတတ်ထားတဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ မနန်း(အမည်လွှဲ)တစ်ယောက် ရှမ်းမြောက် တန်ယန်းမြို့မှာ သူနာပြုအလုပ်ခေါ်စာ အွန်လိုင်းစာမျက်နှာပေါ်ကနေ တွေ့ခဲ့ပြီး အလုပ်ခေါ်စာထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး သူနာပြုအလုပ်လုပ်ဖို့ လျှောက်ခဲ့ပါတယ်။

ကူမင်း ဆွေးနွေးပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ပေးနိုင်မလား

တရုတ်နိုင်ငံက စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PSLF/TNLA တို့ တွေ့ဆုံမယ့် ကူမင်း ဆွေးနွေးပွဲမှာ ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ်လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။