By အီမို (လားရှိုးနိုင်ကျဥ်း)

မနက်ဝေလီဝေလင်းအချိန် ကြေးစည်သံတချို့နဲ့အတူ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတွေနဲ့ နိုးထလာခဲ့တဲ့ မနက်ခင်းအချိန်‌လေ။ ဒီနေ့ဟာ မှတ်မှတ်ရရ တစ်နှစ်ပြည့်တဲ့ နေ့ အတိကျဆိုရရင် ငရဲခန်းက လွတ်မြောက်လာတာ တစ်နှစ်တိတိပြည့်တဲ့နေ့။

ဒီလို တောမကျ မြို့မကျ မြို့လေးမှာ နေထိုင်ရင်း အခြေကျခဲ့တာ အခုဆို တစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။ မနက်ခင်းဈေးသည်တွေ ဟိုတစု ဒီတစု ရှိနေတဲ့ ဈေးလေးနဲ့ မနီးမဝေးက အိမ်ရဲ့ ပြတင်းပေါက်က ထိုင်ငေးကြည့်စဉ် ကောင်းကင်နဲ့ ရာသီဥတုက ကြည်လင်နေတဲ့ သာယာတဲ့နေ့တစ်နေ့လို့ ဆိုရပါလိမ့်မယ်။

တကယ်တော့ ဒီနေ့က ကောင်းကင်မှာ ကြည်လင်နေပေမဲ့ အဲဒီနေ့ကိုတော့ မှတ်မိပါသေးတယ်။ အတိအကျပြောရရင် ၂၈.၇.၂၀၂၄ နေ့ဟာ မိုးမရွာပေမဲ့ ကောင်းကင်ကြီးက မဲမှောင်နေတဲ့နေ့လို့ ဆိုရပါမယ်။

ကောင်းကင်က ပြိုကျမယ့် မိုးစက်တွေဟာ ကျမလာဘဲ လက်နက်ကြီးတွေ အဆက်မပြတ်ကျလာတဲ့ နေ့တစ်နေ့။ ငရဲခန်းက လွတ်မြောက်မယ့်နေ့ဆိုလည်း မမှားပါဘူး။ ဘယ်သူမှမသိတဲ့ လွတ်မြောက်မယ့်နေ့ဟာ တကယ်တော့ ဒီလိုနေ့လေးမှာ ဖြစ်ပျက်ခဲ့တာလို့ ဆိုရမလားပဲ။

တိုက်ပွဲစတင်တာနဲ့ ရက်ပိုင်းအတွင်း လျှပ်စစ်မီးတွေ ရုတ်တရက် ပြတ်တောက်သွားခဲ့ပါတယ်။ အမှောင်ထုက ကျွန်တော်တို့ရဲ့ ရှင်သန်မှုတွေကို ဝါးမျိုသွားသလိုပါပဲ။

မီးပျက်တာနဲ့တစ်ပြိုင်နက်တည်းမှာပဲ ရေအခက်အခဲတွေဟာ နေ့စဉ်ဘဝကို ထိုးနှက်လာပါတော့တယ်။ ရေမလုံလောက်တော့ အကျဉ်းသားတွေ ရေချိုးဖို့ အခက်တွေ့ပြီး ယားနာလို အရေပြားရောဂါတွေ ခန္ဓာကိုယ်အနှံ့ ကူးစက်လာပါတယ်။

ပုံမှန်စားချိန်တွေ မရှိတော့ဘဲ လက်နက်ကြီးသံတွေက ကျွန်တော်တို့ရဲ့ ဗိုက်ဆာမှုကို နှိုးဆွနေခဲ့တာကြောင့် တစ်နေ့ သုံးနပ်အစား နှစ်နပ်သာ စားခဲ့ရပါတော့တယ်။ ဒီလို စားဝတ်နေရေး အခက်အခဲတွေဟာ ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာကိုသာမက စိတ်ဓာတ်ကိုပါ တိုက်စားနေခဲ့ပါတယ်။

လက်နက်ကြီးတွေဟာ အိပ်ဆောင်တွေကို မကြာခဏဆိုသလို ကျရောက်ခဲ့တာကြောင့် လူတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေဟာ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်လာပါတယ်။

ဒဏ်ရာရတဲ့ အကျဉ်းသားတွေ ပိုများလာပေမဲ့ ဆေးဝါးနဲ့ ဆရာဝန်အင်အား မလုံလောက်တဲ့အတွက် အကျဉ်းသားတွေထဲက ဆေးပညာ နားလည်သူတွေကိုပါ ဆေးကုသခိုင်းရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ရပါတယ်။

သွေးအလိပ်လိပ်နဲ့ အကျဉ်းသားတွေဟာ ခိုကိုးရာမဲ့ ဘ၀တွေပါလား။ ဒီလိုမျိုး လူမဆန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာဟာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ဆိုတာ ဝေဝါးနေဆဲပါပဲ။

အကျဉ်းထောင်ဝန်ထမ်းတွေ အရပ်ဝတ်နဲ့ ထွက်ပြေးကြတဲ့အချိန်မှာ ကျွန်တော်တို့ အကျဉ်းသားတွေဟာ အကျဉ်းဆောင်အမိုးတွေပေါ်ကို သတ္တိရှိရှိ တက်ခဲ့ကြပါတယ်။

မီးသတ်ဆေးဗူးတွေနဲ့ တံခါးတွေကို ရိုက်ဖွင့်ခဲ့ကြပြီး လေယာဉ်ဗုံးတွေနဲ့ လက်နက်ကြီးတွေ အဆက်မပြတ် ကျနေတဲ့ကြားက ထောင်တံခါးကို ရိုက်ဖွင့်ကာ အသက်ဘေးက လွတ်မြောက်ဖို့အတွက် သေမထူး နေမထူး ပြေးလွှားထွက်ခဲ့ကြပါတယ်။

သေဆုံးထိခိုက်တဲ့ လူတွေကြားထဲကနေ အကျဉ်းသား ၂ ထောင်ကျော်ဟာ အသက်ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတဲ့ မြင်ကွင်းဟာ ဒီနွေဦးရဲ့ ကြေကွဲဖွယ် ပန်းချီကားတစ်ချပ်လိုပါပဲ။ အဲဒီအချိန်က အတွေ့အကြုံတွေဟာ ရင်ထဲမှာ စွဲမြဲစွာ ကျန်ရစ်နေဆဲပါ။ အခုချိန်ထိ အိပ်မက်ဆိုးတွေလို လက်တွေဘ၀ကို ခြောက်လှန့်နေတဲ့ ဒဏ်ရာတွေပါဘဲ။

လွတ်မြောက်မယ့်နေ့မှာ ထောင်ပိုင်က ပရိတ်ရွတ်ဖတ်ပြီး ကျွန်တော်တို့ကို စိတ်မပူဖို့၊ မကြာခင် အခြေအနေတွေ ကောင်းလာမယ်လို့ အားပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အဲဒီနေ့ဟာ အကျဉ်းဦးစီးက ကျွန်တော်တို့ကို လူမဆန်စွာ သော့ပိတ်ပြီး ထွက်ပြေးသွားခဲ့တဲ့ နေ့တစ်နေ့ပါပဲ။

အားကိုးရာမဲ့ အကျဉ်းသားတွေရဲ့ အသက်ကို မငဲ့ဘဲ ကိုယ်လွတ်ပြေးခဲ့ကြတဲ့ အကျဉ်းဦးစီးဟာ တကယ်တော့ လူစိတ်ဆိုတာ မရှိတဲ့အဖွဲ့အစည်းတစ်ခုဆိုတာ ပြောပြနေစရာပင် မလို့တော့ပါ။

အချိန်တွေသာ ၃၆၅ ရက် ကြာမြင့်ခဲ့ပေမဲ့ အကြွင်းမဲ့ လွတ်မြောက်မှုဆိုတဲ့ အရသာကို အိမ်မပြန်နိုင်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်း ခံစားနေရဆဲပါ။ ဒီနေ့ဟာ လွတ်မြောက်ခြင်း ရက်ပေါင်း ၃၆၅ ရက် ပြည့်ခဲ့ပြီဖြစ်ပေမဲ့ ကျွန်တော်တို့ဟာ ငရဲခန်းက လွတ်မြောက်ခဲ့တာ တစ်ခုတည်းပါပဲ။

အပြင်လောကမှာလည်း အကျဉ်းသားဘဝနဲ့ သိပ်မခြားနားလှတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရဆဲပါ။ အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်တွေနဲ့အတူ မလွတ်မြောက်တဲ့ စိတ်တွေ၊ မလုံခြုံတဲ့ ခံစားချက်တွေဟာ ရင်ထဲမှာ ရှိနေဆဲပါပဲ။

ကျွန်တော်တို့ လူတိုင်းဟာ အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်သေးသလို အနာဂတ်တွေလည်း ပျောက်ဆုံးနေကြဆဲပါ။ ကိုယ့်အိမ်ကို ပြန်ရမယ့်နေ့ဟာ တစ်နိုင်ငံလုံး လွတ်မြောက်မှသာ ဖြစ်မယ်ဆိုတဲ့ အတွေးကလည်း နိုင်ငံရေးအကျဉ်းသားတိုင်းရဲ့ ရင်ထဲမှာ လေးလံစွာ တည်ရှိနေဆဲပါ။

မိမိရဲ့ အနာဂတ်နဲ့ အိပ်မက်တွေကို ပေးဆပ်ထားတဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ တကယ်တမ်းတော့ အခုချိန်မှာ မေ့လျော့ခံ လူသားတွေ ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ချင်ပါတယ်။

ပေးဆပ်မှုလို့ ခေါင်းစဉ်မတပ်နိုင်ပေမဲ့ အသိအမှတ်ပြုဖို့ပင် ခက်ခဲနေတဲ့ ဒီကာလဟာ ခြောက်ကပ်ကပ် အိပ်မက်ရှည်တစ်ခုကို ဆက်မက်နေကြတဲ့ အိပ်မက်ပျောက်နေတဲ့ လူသားတွေဆို ပိုမှန်ပါလိမ့်မယ်။

ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတိုင်းဟာ နိုင်ငံရေးသမားတွေချည်း မဟုတ်ပါဘူး။ နိုင်ငံအရေးကို လုပ်ဆောင်ခဲ့ကြတဲ့ တော်လှန်ရေးပြည်သူတွေလို့ ပြောလို့ရပါတယ်။

အများစုဟာ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝကြတဲ့ ပြည်သူတွေဖြစ်ပြီး နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ပါဝင်ခဲ့တဲ့ ရိုးသားတဲ့ ပြည်သူတွေ ဖြစ်မယ်ထင်ပါတယ်။

အဲဒီအထဲက နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း ပြည်သူထဲက ပြည်သူတစ်ဦး၊ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ “အာဏာရှိရင် လုပ်ချင်တိုင်း လုပ်လို့ရတယ်” ဆိုတဲ့ အာဏာရူးတွေကို ဆန့်ကျင်ရင်း နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်ကို ကျေနပ်စွာ လက်ခံနေရတဲ့ ဂုဏ်သိက္ခာရှိတဲ့ လူသားတစ်ဦး ဖြစ်ခွင့်ရတာဟာ ဘဝမှာ ကျေနပ်စရာတစ်ခုပါပဲ။

ဘာကြောင့်ပဲ ဖြစ်ဖြစ် ပြည်သူ့အာဏာ ပြည်သူ့ဆီ ပြန်မရောက်မချင်း ဒီနွေဦးမှာ နိုင်တဲ့နေရာကနေ ဆက်ပါ၀င်ရင်း ဆက်ရှိနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ အသက်ရှင်နေဆဲပါ။

ဒီနွေဦးမှာ ဘာတွေပေးဆပ်ပြီးပြီလဲဆိုတာထက် အခုချိန်ထိ ကိုယ်ဟာ ဖောက်ပြန်ရေးသမား မဖြစ်ခဲ့ဘူးဆိုတဲ့ ဂုဏ်သိက္ခာကို လက်မှာ မြဲမြဲစွဲထားပါတယ်။

တော်လှန်ရေးကို သစ္စာရှိစွာနဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းကို သတိရလျက်။ အတားအဆီးမဲ့ အပြင်လောကကြီးကို ငေးမောရင်း လွတ်မြောက်လာတဲ့ အဲနေတစ်နေ့ကို အမြဲ သတိရနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။