PSLO/PSLA လက်နက်အပ်ခြင်း
အာဏာသိမ်း စစ်အစိုးရ ဖိအားပေးမှုကြောင့် တအာင်းလူမျိုးရဲ့ တော်လှန်ရေးသမိုင်း ခေတ္တ ရပ်တန့်လိုက်ရချိန်က ၂ဝဝ၅ ခုနှစ် ဧပြီ ၂၉ ရက်။
PSLA (ငြိမ်းချမ်းရေးအဖွဲ့)လို့ အများက သိထားကြတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်- PSLO/PLSA လက်နက်အပ်ခဲ့တာ ဒီနေ့မှာ နှစ် ၂ဝ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ဧပြီ ၂၉ ရက်က တအာင်းဒေသ မန်တုံမြို့ ဘောလုံးကွင်း (၂၀၀၈ ဖွဲ့စည်းပုံအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့တဲ့မြို့)မှာ လက်နက်အပ်ပွဲကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီကာလတုန်းက အခမ်းအနားသို့ စစ်အစိုးရဘက်က နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (သမ္မတဟောင်း ၂၀၁၀-၂၀၁၅ ခုနှစ်)၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်လှိုင်၊ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ရဲမြင့်၊ သတင်းနဲ့ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ် ဌေးဦး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်း၊ ရထားနဲ့ကုန်းလမ်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်မင်းတို့ တက်ရောက်ခဲ့ကြောင်း မိုင်းအိုက်ကော် ရေးသားထားတဲ့ တအာင်းသမိုင်းကြောင်း (အစဲန်ခြိူဝ်းတအာင်း)မှာ ဖော်ပြထားပါတယ်။
PSLO/PSLA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်ထဲက ၇ ဖွဲ့မြောက် ငြိမ်းချမ်းရေးယူတဲ့အဖွဲ့ ဖြစ်တာကြောင့် အထူးဒေသ ၇ PSLA (ငြိမ်းချမ်းရေးအဖွဲ့)ဆိုပြီး စစ်အစိုးရက သတ်မှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အခြားအထူးဒေသမှ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ UWSP မှ ဦးအောင်မြင့်၊ KDA မှ ဦးလဖိုင်ဇော်ယွန်း၊ SSNA မှ ဦးကန်နု၊ SSPP မှ ဦးလွယ်မာဝ်းတို့လည်း PSLA ရဲ့ လက်နက်အပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
PSLO က ၁၉၉၁ ခုနှစ် မေလ ၁ ရက်မှာ နဝတ အတွင်းရေးမှူး(၁) ဗိုလ်ချုပ် ခင်ညွန့် ဦးဆောင်တဲ့ စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမမှာ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရာ နှစ်ဦးနှစ်ဖက်ကြား ငြိမ်းချမ်းရေးကိစ္စရပ်ကို တစ်စုံတစ်ရာ သဘောတူထားတဲ့ စာချုပ်စာတမ်းနဲ့ ချုပ်ဆိုတာမရှိဘဲ Gentlemen Agreement အဆင့်နဲ့သာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြတာပါ။
လက်နက်အပ်ပြီးနောက် စစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က လက်နက်မဲ့သွားတဲ့ PSLA ရဲဘော်တစ်ဦးချင်းစီရဲ့ စားဝတ်နေရေးအပြင် ၎င်းတို့ရဲ့ လုံခြုံရေးကိုလည်း နိုင်ငံတော်က အပြည့်အဝ တာဝန်ယူပေးမယ်ဆိုပြီး လက်နက်အပ်ပွဲမှာ ပေးခဲ့တဲ့ကတိကို အစည်းအဝေးမှာ ထပ်လောင်း အတည်ပြု ပြောဆိုဆွေးနွေးခဲ့ပါတယ်။
သို့သော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပတဲ့အထိ ၅ နှစ်တာ ကြာသွားပေမဲ့ ပေးခဲ့တဲ့ကတိကို အကောင်အထည် မဖော်တဲ့အပြင် တအာင်းဒေသတွင်း လက်နက်ကိုင်ပေါင်းစုံတို့ ခြယ်လှယ်ရာဒေသ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာဒေသ၊ လူကုန်ကူးသူတို့ ကျက်စားရာဒေသ ဖြစ်လာခဲ့ပါတယ်။
လက်နက်အပ်ပြီးနောက် စစ်အစိုးရက PSLO/PSLA ကို မန်တုံဌာနေ ပြည်သူ့စစ်ဆိုပြီး လက်နက် ၂၀ လက်သာ တပ်ဆင်ပေးခဲ့ကြပါတယ်။
PSLA ငြိမ်းချမ်းရေးယူပြီး ၁ နှစ်အတွင်း ၃၇ မိုင်ရှိတဲ့ မန်တုံ-နမ္မတူကားလမ်း ပြုပြင်ဖို့အတွက် နဝတ စစ်အစိုးရက ၁၆ သိန်း ပေးခဲ့ပေမဲ့ တခြားမြို့နယ်ဘက် သွားလာဖို့ လမ်းပန်းဆက်သွယ်ရေးအတွက် နဝတ စစ်အစိုးရထံ အကြိမ်ကြိမ် တင်ပြခဲ့ပေမဲ့လည်း ဖောက်လုပ်ပေးခြင်း မရှိတာကြောင့် မန်တုံ-နမ့်ဆန်လမ်းပိုင်း၊ မန်တုံ-မိုးမိတ်လမ်းပိုင်းကို PSLA က ဦးဆောင်ပြီး ကိုယ့်အားကိုယ်ကိုး ၃ နှစ်ကြာ ဖောက်လုပ်ခဲ့ရပါတယ်။
ငြိမ်းချမ်းရေးယူပြီး နှစ်ပေါင်း ၂ဝ ကြာသည်အထိ ၃၇ မိုင်သာရှိတဲ့ မန်တုံ-နမ္မတူ လမ်းပိုင်းလည်း ကျောက်ကြမ်းတစ်ဝက် မြေနီလမ်းတစ်ဝက်အဖြစ်သာ ရှိခဲ့တဲ့အတွက် မိုးတွင်းကာလမှာ ကုန်တင်ကားတွေဟာ ၁ ပတ်၊ ၁ဝ ရက် ကြာမှသာ မန်တုံ၊ နမ္မတူမြို့ဘက် ရောက်ရှိနိုင်ခဲ့ကြတာပါ။
စစ်အစိုးရရဲ့ ခြေလျင်တပ်ရင်း (ခလရ ၁၃ဝ)က မန်တုံမြို့ထဲ ရောက်ရှိလာပြီး အခြေစိုက်မှသာ တစ်နှစ်ပတ်လုံး သွားလာလို့ရအောင် လမ်းပိုင်းကို တိုးချဲ့ပြုပြင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မန်တုံ-နမ္မတူ၊ မန်တုံ-နမ့်ဆန်၊ နမ့်ဆန်-ပန်လုံလမ်းပိုင်းဟာ ကျဉ်းလွန်းတာကြောင့် ဒီနေ့အထိ ကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီး ယှဉ်ပြီးတော့သာ သွားလာလို့ရတဲ့လမ်းပိုင်း ဖြစ်နေပါတယ်။
တအာင်းဒေသရဲ့ အဓိက စီးပွားရေးလမ်းကြောင်းဖြစ်တဲ့ နမ့်ဆန်-ပန်လုံလမ်း၊ မန်တုံ-နမ္မတူလမ်းပိုင်းကို အနည်းငယ် ချဲ့ပေးခဲ့ပြီး နမ့်ဆန်-မန်တုံ-မိုင်းဝီး-နမ့်ခမ်းလမ်းနဲ့ မန်တုံ-မိုးမိတ် လမ်းပိုင်းကတော့ ၂ဝ၁ဝ ခုနှစ်အထိ PSLA (ငြိမ်းချမ်းရေးအဖွဲ့)က ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ခဲ့တဲ့အတိုင်းသာ ရှိနေပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ခိုင်ရေးပါတီက မဲအောင်နိုင်ရေးအတွက် နမ့်ဆန်မြို့ရှိ ဆေးရုံကို ကုတင် ၅ဝ ဆံ့ ခရိုင်အဆင့်ဆေးရုံ ဆောက်လုပ်ပေးခြင်း၊ နမ့်ဆန်နဲ့ မန်တုံမြို့အတွက် အမှတ်(၁) ရွှေလီရေအား လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုကို ကတိုက်ကရိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။
၂ဝ၁ဝ ကနေ ၂ဝ၁၅ အထိ သိသာတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သိပ်မတွေ့ရဘဲ ၂ဝ၁၆ ကနေ ၂ဝ၂ဝ ခုနှစ်အတွင်း အရပ်သားအစိုးရ ကူးပြောင်းခါစမှာတော့ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးမှု၊ ရေ ရရှိရေး၊ စာသင်ကျောင်း တိုးချဲ့ဖွင့်လှစ်မှု၊ ဆေးပေးခန်း ဖွင့်လှစ်ပေးတာတွေ ရှိလာပေမဲ့ စစ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ်ကစပြီး အဲဒီလုပ်ငန်းအားလုံးနီးပါး ပြန်လည် ရပ်တန့်သွားခဲ့ရပါတယ်။
PSLA လက်နက် အပ်ခဲ့တဲ့ မန်တုံမြို့ဟာ အချက်အချာကျတဲ့မြို့လို့ သတ်မှတ်နိုင်ပါတယ်။ မန်တုံကနေ နမ္မတူ၊ လာရှိုး၊ နမ့်ဆန်၊ သီပေါ၊ ကျောက်မဲဘက် သွားနိုင်သလို မိုးမိတ်၊ မိုးကုတ်ဘက်လည်း သွားနိုင်ပြီး နမ့်ခမ်း၊ မူဆယ်ဘက်လည်း သွားနိုင်တဲ့လမ်းကြောင်း ရှိနေပါတယ်။
မန်တုံမြို့နယ်ထဲက ကျေးရွာချင်းဆက်လမ်းတွေကို မြေသားလမ်း ဖောက်လုပ်တာနဲ့ ကျောက်ချောလမ်း ခင်းတာတွေ လုပ်ဆောင်ပေးနေပေမဲ့ သွားလာတဲ့ ကုန်တင်ကားကြီး၊ မီးသွေးတင်ကားတွေကြောင့် လမ်းပိုင်းအများစုက ပျက်စီးနေပါတယ်။
မန်တုံကနေ မိုးမိတ်၊ နမ့်ခမ်းဘက်သွားတဲ့ လမ်းပိုင်းဟာ မြေသားလမ်း ဖြစ်တာကြောင့် မိုးတွင်းကာလမှာ သွားလာဖို့ ခက်ခဲတာကြောင့် အဲဒီလမ်းပိုင်းကို ဆောင်းရာသီနဲ့ နွေရာသီမှာသာ အများစုက အသုံးပြုကြပါတယ်။
မန်တုံကနေ မိုးမိတ်အထိ မိုင် ၅ဝ ကျော်သာရှိပြီး မန်တုံ-နမ့်ခမ်းကလည်း မိုင် ၈ဝ ကျော်သာ ရှိတာကြောင့် လမ်းကောင်းရင် နေ့ချင်းပြန် သွားလာလို့ရတဲ့ လမ်းခရီး ဖြစ်ပါတယ်။
လမ်း မကောင်းတာကြောင့် မိုးမိတ်ဘက် သွားလိုရင် မန်တုံ-ကျောက်မဲ-မိုင်းငေါ့လမ်းဘက်ကနေ ပတ်နေရသလို နမ့်ခမ်းဘက် သွားလိုရင် မန်တုံ-လားရှိုး-ကွတ်ခိုင်လမ်းကနေပတ်ပြီး သွားလာနေရတာကြောင့် လမ်းခရီး ပိုကြာသလို ကုန်ကျစရိတ်လည်း များနေပါတယ်။
ဒါကြောင့် ဒေသတွင်း နေထိုင်ကြတဲ့ လူထုတွေဟာ ကုန်စည် စီးဆင်းမှု မြန်ဆန်ဖို့နဲ့ သွားလာရေး လွယ်ကူစေဖို့အတွက် မန်တုံ-မိုးမိတ်၊ မန်တုံ-နမ့်ခမ်းလမ်းပိုင်း ကောင်းလာဖို့အတွက်ကို မျှော်လင့်နေကြပါတယ်။
PSLF/TNLA နဲ့ တအာင်းအမျိုးသား တော်လှန်ရေးသမိုင်း
တအာင်းအမျိုးသား တော်လှန်ရေးကို ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်အမျိုးသားတပ်ဦး- PNF နာမည်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၁၉၇၆ ခုနှစ်မှာ PSLO/PSLA အဖြစ် နာမည် ပြောင်းလဲသုံးစွဲခဲ့ပါတယ်။
PSLA လက်နက်အပ်တာကို လက်မခံတဲ့ မာနယ်ပလောရောက် မိုင်းတင်မောင်ခေါ် မိုင်းဒွယ်ဝေါင်း၊ မိုင်းဂျုတ်ဂျား (လက်ရှိ PSLF/TNLA ရဲ့ ဒုဥက္ကဌ ၁)၊ မိုင်းအိုက်ဘုန်း (လက်ရှိ PSLF/TNLA ရဲ့ ဥက္ကဌ)၊ မိုင်းအိုက်ပန်း၊ မိုင်းအောင်ဆာ၊ မိုင်းဘအေးနဲ့ မိုင်းစိန်ထွန်းတို့ ပါဝင်တဲ့ ဗဟိုကော်မတီ ၇ ဦးက ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
၂၀၀၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပတဲ့ PSLF ရဲ့ တတိယအကြိမ် ညီလာခံမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA ကို ဖွဲ့စည်းလိုက်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ နမ့်ခမ်းမြို့ရဲ့တောင်ဘက် ရွှေလီမြစ်ကို ဖြတ်သန်းပြီး တအာင်းဒေသ ရွှေလီချိုင့်ဝှမ်းဂွင်သို့ PSLF/TNLA က ပြန်လည် ဝင်ရောက်ခဲ့ပြီး တအာင်းလူမျိုးအတွက် ဒုတိယလက်နက်ကိုင် တော်လှန်ရေး သို့မဟုတ် တစ်ကျော့ပြန် တအာင်းလက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်အရ အာဏာသိမ်းစစ်တပ်နဲ့ တအာင်းတပ်တို့အကြား ၂ဝ၁၂ သြဂုတ် ၁၈ ရက်ကနေ ၂ဝ၂၂ စက်တင်ဘာလအထိ တိုက်ပွဲကြီးငယ်ပေါင်း (၁,၄၇၄)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေး
၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁ဝ၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ပြီးနောက် တအာင်းဒေသ အပြောင်းအလဲ ကြီးကြီးမားမား ရှိခဲ့ပါတယ်။
၁ဝ၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း တအာင်းတပ်မတော်က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယလှိုင်းမှာတော့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် မြို့ ၁၂ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်မှု အများဆုံးရှိတဲ့ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကိုတော့ တအာင်းတပ်မတော်က ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်- MNDAA၊ ရခိုင်- AA နဲ့အတူ ပူးတွဲထိန်းချုပ်ထားပါတယ်။
ကိုးကန့်တပ်ကလည်း စစ်ဆင်ရေး ပထမလှိုင်းအတွင်း သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ တာမိုးညဲ၊ မုံးကိုး၊ ကြူကုတ်ပန်ဆိုင်း စတဲ့မြို့ ၈ မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ၈ လကျော်အကြာ ၂ဝ၂၅ ဧပြီ ၂၁ ရက်မှာ လားရှိုးမြို့ကနေ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။
အခုလို လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွေးချွေးများစွာ ပေးဆပ်ပြီးမှ ရလာတဲ့ လားရှိုးမြို့ကို တရုတ်အစိုးရရဲ့ အကူအညီနဲ့ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးလိုက်တဲ့အပေါ် လူထုတွေရဲ့ဝေဖန်မှုများစွာကို ခံခဲ့ရပြီး တစ်ဖက်မှာတော့ နိုင်ငံရေး ဖိအားကြောင့် ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။
ဒါကြောင့် လားရှိုးမြို့နဲ့အနီးဆုံးမှာ ရှိနေတဲ့ တအာင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့တွေမှာ နေထိုင်ကြသူတွေဟာ လေကြောင်း တိုက်ခိုက်မှုနဲ့ စစ်တပ်ဘက်က ထိုးစစ် ဆင်လာမှာကို စိုးရိမ်နေကြပါတယ်။
အပြောင်းအလဲ ဖြစ်စေမယ့် လူထုအစိုးရ
လက်ရှိမှာတော့ တအာင်းတပ်မတော်အနေနဲ့ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စည်ပင်လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်ပေးနေပေမဲ့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတဲ့ မြို့ ၁၂ မြို့မှာ ဘာသာမတူ လူမျိုးမတူ ယဉ်ကျေးမှု မတူညီကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြတာကြောင့် စုံလင်ကွဲပြားမှုကို နားလည်လက်ခံပြီး လူထုတွေရဲ့အသံကိုလည်း နားထောင်ရမှာ ဖြစ်ပါတယ်။
၂ဝ၂၄ ဖေဖော်ဝါရီလထဲ ကျင်းပခဲ့တဲ့ PSLF/TNLA ရဲ့ နှစ်ပတ်လည် အစည်းအဝေးပြီး ထုတ်ပြန်ချက်မှာ လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရ ၂ဝ၂၅ ခုနှစ်ထဲ ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုပြီး ပြောဆိုထားပါတယ်။
ဒါ့အပြင် ၂ဝ၂၅ ဇန်နဝါရီလထဲ ကျင်းပခဲ့တဲ့ PSLF/TNLA ရဲ့ နှစ်ပတ်လည် အစည်းအဝေးပြီး ထုတ်ပြန်ချက်မှာလည်း ဒေသခံလူထု ပါဝင်နိုင်မယ့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာစေဖို့ ဆောင်ရွက်သွားမယ်ဆိုပြီး ထပ်မံ ပြောဆိုထားပါတယ်။
လက်ရှိမှာ ကုန်ဈေးနှုန်း အဆမတန် ကြီးမြှင့်မှု၊ အခွန်အခပြဿနာ၊ အလုပ်အကိုင် ရှားပါးမှု၊ ဆက်သွယ်ရေး အခက်အခဲ၊ လျှပ်စစ်မီး ပြတ်တောက်မှု စတဲ့အခက်အခဲပြဿနာတွေကို ရင်ဆိုင်နေကြရတဲ့ လူထုတွေဟာ လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာပြီး လူထုအသံကို အခြေခံတဲ့စနစ်တစ်ရပ် ဖြစ်ပေါ်လာဖို့ကိုလည်း မျှော်လင့်နေကြောင်း…။