တရုတ်စီစဥ်ပေးတဲ့ လားရှိုးအုပ်ချုပ်သူ အပြောင်းအလဲ
ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်အုပ်ချုပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်နေ့စလို့ လားရှိုးမြို့ထဲကို စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်တွေ စရောက်နေရာကနေ လက်ရှိမှာ ကိုးကန့်တပ်တွေ မြို့တွင်းကနေ ဆုတ်ခွာနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ထပ်မံဝင်ရောက်လျက်ရှိနေပါတယ်။
ဒီနေ့ ဧပြီ ၂၂ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီယာဥ်တန်းတွေ ရာနဲ့ချီလားရှိုးမြို့ထဲကို ထပ်မံဝင်ရောက်နေပြီး ယာဥ်တန်းတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပါကြောင်း ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ အုပ်ချုပ်သူအပြောင်းအလဲနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ရော ကိုးကန့်တပ်ကပါ တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိတာကြောင့် လူထုတွေကြားမှာ စိုးရိမ်းမှုတွေ မြှင့်တက်နေပါတယ်။
“အဓိက လူထုတွေကတော့ စစ်ပြန်ဖြစ်မှာဘဲ ကြောက်တယ်။ တခြားဟာတော့ အဲလောက်မရှိဘူး။ ဒီမနက်လည်း လားရှိုးမှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ပြန်ဝင်လာတယ်” လို့ လားရှိုးဒေသခံ ကိုကျော်က ရွှေဖီမြေကို ပြောပါတယ်။
ဒေသခံတွေကတော့ လားရှိုးအုပ်ချုပ်သူအပြောင်းအလဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေဘက်က လူထုတွေကို့ အသိပေးသင့်တယ်လို့ ပြောဆိုနေကြပါတယ်။
MNDAA နဲ့ နီးစပ်သူတစ်ဦးကတော့ လားရှိုးမြို့ပေါ် ၁၂ ရက်ကွက်ကို စစ်ကောင်စီက အုပ်ချုပ်မှာဖြစ်ပြီး မြို့ဘေးပတ်ပတ်လည်မှာတော့ ကိုးကန့်တပ်တွေ ဆက်ရှိနေမယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
“ကိုးကန့်က ပြည်သူ့ဆက်ဆံရေးရုံး မြို့ထဲထိုင်မယ်။ ပတ်ပတ်လည်ရွာတွေမှာတော့ တပ်တွေထိုင်ထားတယ်။ တရုတ်က ကောင်စစ်ဝန်ရုံးထိုင်မယ်။ ” ဝ”ကလဲ ဆက်ဆံရေးရုံးထိုင်မယ်”
အုပ်ချုပ်ရေးကို စစ်ကောင်စီလက်အောက်ကနေ သွားမှာဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ အပါအဝင် မြို့အနီးက တပ်တွေမှာ စစ်ကောင်စီတပ်က ပြန်ထိုင်မယ်လို့ သိထားရကြောင်း MNDAA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“စကစက လဝကတို့မြေစာရင်းရုံး ထွေအုပ်တို့ ထိုင်မယ်။ အမြောက်တပ်၊ ရမခတိုင်း၊ ဆက်သွယ်ရေး၊ ၆၂၆ တပ်နဲ့ လေယာဥ်ကွင်းနားက တပ်တွေအကုန်ထိုင်မယ်။ ဝနဲ့တရုတ်က ဆေးရုံကိုဦးစီးပြီးဖွင့်မယ်တဲ့”လို့ သူမ သိရှိထားတဲ့ အချက်အလက်ကို ပြောပါတယ်။
လက်ရှိ လားရှိုးမြို့မှာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် မစ္စတာတိမ်ရှီကျွင်း၊ စစ်ကောင်စီဘက်က စစ်ဆင်ရေးအထူးအဖွဲ့(စကထ) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ MNDAA ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ လားရှိုးကိုရောက်ရှိပြီး လားရှိုးအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီနေ့ ဧပြီ ၂၂ ရက်မှာလည်း တရုတ်၊ ကိုးကန့်နဲ့ စစ်ကောင်စီတပ်အကြား လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ သုံးပွင့်ဆိုင် ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို စိတ်ကြိုက်ခြယ်လှယ်ခွင့်ရနေပြီး ၎င်းရဲ့စကားကို နားမထောင်တဲ့ အဖွဲ့အစည်းကို အခုလို ဖိအားပေးတဲ့နည်းတွေ အသုံးပြုနေတာ ဖြစ်တယ်လို့ ရှမ်းမြောက် စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
“စကစ တရုတ်စကား နားမထောင်ရင် လားရှိုးက အချိန်မရွေး ကိုးကန့်ပြန်ဝင်မယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေးဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
မြန်မာအရေးအပေါ် တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှု
လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးဖို့ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် မစ္စတာတိမ်ရှီကျွင်းဟာ လားရှိုးမြို့ကို ရောက်ရှိနေချိန် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာအရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ကြားဝင်စွက်ဖက်မှုမရှိမူကို ဆက်လက်ကျင့်သုံးနေတယ်လို့ ပြောနေပါတယ်။
မနေ့ ဧပြီ ၂၁ ရက်မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ လားရှိုးမြို့ကို တရုတ်ရဲ့ ဖိအားကြောင့် လို့ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းရတာဖြစ်တယ်လို့ ယူဆချက်တွေအပေါ် AFP သတင်းဌာနရဲ့ မေးမြန်းမှုကို တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောပါတယ်။
“တရုတ်နိုင်ငံအနေနဲ့ မြန်မာက သက်ဆိုင်ရာအစုအဖွဲ့တွေကို နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့ နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေသဘောနဲ့သာ အကြံပြုပေး နေတာဖြစ်ပါတယ်” က Guo Jiakun က ဆိုပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းရေးကို ပေါ်ပေါ်တင်တင်ဝင်ရောက်စွက်ဖက်နေပြီး စစ်ကောင်စီဘက်ကို တစ်ဖက်သက်ရပ်တည်နေတယ်လို့ ပြောဆိုကြပါတယ်။
တရုတ်နိုင်ငံဟာ အရင်က မြန်မာအရေးနဲ့ ပတ်သက်ပြီး ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်တာ မရှိပေမယ့် လားရှိုးကိစ္စမှာတော့ တရုတ်နိုင်ငံဟာ စစ်ကောင်စီဘက်ရပ်တည်ပြီး ရှမ်းမြောက်အရေးကို ပေါ်ပေါ်တင်ဝင်ရောက်စွပ်ဖက်နေတာ ဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
“တရုတ်ဟာ အရင်က နောက်ကွယ်က လက်မဲကြီးပေါ့နော်။ လားရှိုးကိစ္စမှာတော့ တရုတ်က ပေါ်တင်ကို စစ်ကောင်စီဘက် ရပ်တည်ပြီးတော့ တစ်ဖက်သက်ဖိအားပေးတာကို မြင်ရပါတယ်။ ပြောရမယ်ဆိုရင် ပြည်တွင်းရေးကို ဗြောင်ကျကျစွပ်ဖက်တဲ့ အနေအထားမျိုးလို့ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။
လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ပြန်လည်ပတ်ရင် တရုတ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွေ ပြန်စနိုင်ပြီး မန္တလေး-မူဆယ် လမ်းကြောင်းထက် မန္တလေး- ရှမ်းတောင်- ချင်းရွှေဟော်လမ်းကြောင်းကို ပိုမိုအသုံးပြု လာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
” မူဆယ်ဘက် လမ်းကြောင်းခဏထားပြီးတော့ ချင်းရွှေဟော်-လားရှိုး-မိုင်းရယ်-တန်ယန်းဘက်ကနေ လမ်းကြောင်းသစ် ဖောက်လိမ့်မယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးက အဲဒီလမ်းကြောင်းအတိုင်း စစ်ယာဥ်တန်း ဖြတ်လာတာပေါ့နော်။ လမ်းကြောင်းအခြေအနေ ကြည့်တယ်လို့ ကျနော်ယူဆပါတယ်”
TNLA အပေါ် ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံရဲ့ ဖိအား
စစ်ကောင်စီတပ်ဟာ ကိုးကန့်တပ်နဲ့ အပစ်ရပ်ပြီးနောက် တအာင်းတပ်မတော်-TNLA ထိန်းချုပ်ဒေသကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရှမ်းမြောက် နောင်ချိုနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်ဟာ လေယာဥ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
တဖက်မှာလည်း တရုတ်နိုင်ငံဟာ MNDAA နဲ့ စစ်ကောင်စီအကြား ကြားဝင်စေ့စပ်မှုပြီးရင် TNLA ကို ဆက်လက်ဖိအားပေးလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ TNLA ကို ကိုကန့်တပ်လို တိုက်ရိုက်ဖိအားမပေးနိုင်ပေမယ့် တအာင်းတပ်နဲ့ နီးစပ်တဲ့ ဝတပ်ဖွဲ့-UWSA နဲ့ ကိုးကန့်တပ်ကနေတစ်ဆင့် ဖိအားပေးလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
” TNLA ကို တိုက်ရိုက်ဖိအားပေးနိုင်တာ မတွေ့ရဘူး။ TNLA နဲ့ ရင်းနှီးတဲ့ UWSA၊ MNDAA ကနေတစ်ဆင့် တနည်းတစ်ဖုံ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖိအားပေးလာနိုင်ပါတယ်”
စစ်ကောင်စီတပ်အနေနဲ့ လားရှိုးကို ပြန်ရပြီးနောက် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ သိန္နီနဲ့ ကွတ်ခိုင်မြို့တွေကို ပြန်ရရေး ဆက်လက်ကြိုးစားမယ့် အနေအထားတွေ့ရတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
တရုတ်ရဲ့ ဖိအားကို TNLA နဲ့ MNDAA က ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်အခြေအနေလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။