By မိုင်းရူပ၊ ရွှေဖီမြေ

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ဟာ လက်ရှိမှာ ပုံမှန်လည်ပတ်နေပေမယ့် လာမယ့် ရက်ပိုင်းတွေအတွင်းဖြစ်လာမယ့် အုပ်ချုပ်သူအပြောင်းအလဲကို လူထုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကပါ စိတ်ဝင်စားနေကြပါတယ်။

အုပ်ချုပ်ရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေး စတဲ့ကဏ္ဍတွေမှာ လချီကြာ ကိုးကန့်တပ် ထိန်းချုပ်မှုအောက် လည်ပတ်နေတဲ့ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ပထမအပတ်ကစပြီး ကိုးကန့်ဘက်က ဆေးရုံသုံး ပစ္စည်းတွေအပါအဝင် ဌာနဆိုင်ရာတွေမှာရှိတဲ့ ပစ္စည်းတွေကို လားရှိုးမြို့ကနေ သယ်ထုတ်နေကြပါပြီ။

စစ်ကောင်စီကို ဆက်မတိုက်ဖို့ တရုတ်ရဲ့ ဖိအားပေးမှုကို ခံနေရတဲ့ ကိုးကန့်တပ်ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ပြီး အပစ်ရပ်ဖို့ သဘောတူခဲ့ကြတယ်လို့ တရုတ်ဘက်က ထုတ်ပြောထားပါတယ်။

၂ ဖက်တပ်တွေ အပစ်ရပ်ဖို့ သဘောတူပြီးနောက် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဇွန်လနောက်ဆုံးထားပြီး စစ်ကောင်စီတပ်ထံ ပြန်ပေးရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေ တရုတ်နိုင်ငံမှာ ထပ်မံတွေ့ဆုံခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ဧပြီလနောက်ဆုံးထားပြီး လားရှိုးမြို့ကနေ ထွက်ခွာပေးရမယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ရွှေဖီမြေက ရရှိထားတဲ့အချက်အလက်တွေအရ ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက်ကို နောက်ဆုံးထားပြီး လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်သလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုးကန့်တပ်တွေ လားရှိုးမြို့ကနေ ဆုတ်ခွာဖို့ လူထုတွေကို အသိပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“လူထုကိုတော့ ဘာမှ ချပြတာမရှိသေးဘူး။ လက်ရှိအချိန်အထိတော့ လားရှိုးမှာ ကိုးကန့်စစ်သားတွေ ရှိသေးတယ်” လို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီလ ၇ ရက်မှာတော့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း လုံးဝပျက်စီးသွားတဲ့ နေအိမ်ပေါင်း ၃၀၉ အိမ်အတွက် တစ်အိမ်ကို သိန်း ၅၀ လျော်ကြေးပေးခဲ့တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။

လျော်ကြေးပေးဖို့ စာရင်းပါတဲ့သူတွေအနေနဲ့ လားရှိုးမြို့ ရပ်ကွက် (၁) မှာ သက်ဆိုင်ရာ နယ်မြေမှူးတွေနဲ့အတူ သွားရောက်ထုတ်ယူနိုင်တယ်လို့ လားရှိုးမြို့ရှိ MNDAA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ဗဟိုက ပြန်စီစစ်ပြီး ငွေသားနဲ့ စာရင်း ပြန်ချလာပေးတဲ့အတိုင်း ပေးရတာပါ။ စာရင်းပါပြီး မရသေးတဲ့သူတွေရပ်ကွက် (၁) မှာ သက်ဆိုင်ရာအုပ်ကြီး၊ နယ်မြေမှုးနဲ့အတူ သွားထုတ်လို့ရပါတယ်”

လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ လားရှိုးအကျဥ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေက ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ဆုတ်ခွာတော့မယ့်အကြောင်းကို နိုင်ငံရေးအကျဥ်းသားတွေနဲ့ CDM တွေကို အသိပေးထားပြီး ၎င်းတို့အနေနဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ တခြားသော မြို့နယ်တွေမှာ ပါဝင်လုပ်ဆောင်နိုင်သလို နေထိုင်ခွင့်ပါပေးမယ့်အကြောင်း ပြောထားတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှာ ပါဝင်နေတဲ့ နိုင်ငံရေးအကျဥ်းသူတစ်ဦးက ပြောပါတယ်။

“အခု သူတို့လက်အောက် လုပ်နေတဲ့သူတွေကို အထူးဒေသ (၁) မှာ ကြိုက်တဲ့နေရာ နေနိုင်တယ်။ ပြည်သူ လိုနေလည်း ရတယ်။ အလုပ်လုပ်မယ်ဆိုလဲ အလုပ်ပေးမယ်တဲ့။ ကျွန်မတို့က ဘယ်လိုလုပ်ရမယ်ဆိုတာ မစီစဥ်ရသေးဘူး”

လက်ရှိမှာ ကိုးကန့်တပ်ဘက်က လားရှိုးဆေးရုံရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေအပါအဝင် ဌာနဆိုင်ရာရှိ ပစ္စည်းတွေကို သိန်းနီမြို့နယ်ဘက် သယ်သွားကြပြီး လက်ရှိမှာ လားရှိုးပြည်သူ့ဆေးရုံနဲ့ ဌာနဆိုင်ရာတွေမှာသာ လျှပ်စစ်မီးတွေ ရနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်းတွေအရ လားရှိုးမြို့ပေါ်က ရပ်ကွက် (၁၂) ရပ်ကွက်ကို စစ်ကောင်စီက အုပ်ချုပ်မှာဖြစ်ပြီး ကျန်တဲ့နေရာတွေမှာတော့ ကိုးကန့်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေမယ်လို့ သိထားရပါတယ်။

လက်ရှိ လားရှိုးမြို့မှာ ဒေသခံတွေ တိမ်းရှောင်တာမရှိဘဲ ပုံမှန်သွားလာနေကြပြီး ကိုးကန့်တပ်တွေအနေနဲ့ လားရှိုးမြို့ကနေ ဆုတ်ခွာမယ်ဆိုရင် လူထုတွေကို အသိပေးသင့်တယ်လို့ ဒေသခံတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

“စစ်ကောင်စီဘက်က ၁၂ ရပ်ကွက် အုပ်ချုပ်မှာဆိုတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ စာရင်းကို ရထားလောက်ပြီ။ ဖမ်းပြီး လူမသိအောင် သတ်လိုက်ရင် ဘယ်သူက တာဝန်ယူမလဲ။ နိုင်ကျဥ်းတွေလည်း ပြေးနေရပြီ။ ပြည်သူတွေအပေါ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို သိသိရက်နဲ့ မျက်နှာလွှဲထားတဲ့ သဘောလို့ မြင်တယ်” ဆိုပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လူငယ်တစ်ဦးက သူရဲ့အမြင်ကို ပြောပါတယ်။

ဒေသခံအများစုကတော့ စစ်ကောင်စီတပ်ဘက်က လားရှိုးမြို့ကို ပြန်အုပ်ချုပ်ရင် စစ်မှုထမ်းဖို့ တပ်သားသစ်ခေါ်ယူမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ရဲ့ နယ်မြေပိုင်းခြားမှု သဘောတူညီချက်တွေကို ကြည့်ရင် ကိုးကန့်တပ်ဟာ နွေဦးတော်လှန်ရေးကို ကျောခိုင်းသွားပြီလားဆိုတာ ဝေဖန်မှုတွေ ရှိနေပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့်တပ်ရဲ့ ဆွေးနွေးမှု သဘောတူညီချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ကိုးကန့်တပ်ဘက်ကပါ ထုတ်ပြောတာမရှိသေးဘဲ အသေးစိတ်သိရဖို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေးဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သဘောထားတွေ သိနိုင်ဖို့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထံ စာပို့ဆက်သွယ်ထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တရုတ်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်တာရွှင်ဟာ လနဲ့ချီကြာ လူမြင်ကွင်းမှ ပျောက်ကွယ်နေရာကနေ ဧပြီ ၂ ရက်မှာ ကိုးကန့်ဒေသက ငလျင်အလှူခံမဏ္ဍပ်မှာ အလှူငွေထည့်နေတဲ့ ဦးဖုန်တာရွှင်ရဲ့ ရုပ်သံကို ကိုးကန့်တပ်ဘက်က ထုတ်ပြန်လာပါတယ်။

မနေ့ ဧပြီလ ၇ ရက်မှာလည်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းမှာ ကျင်းပတဲ့ သူရဲကောင်းအောက်မေ့ဖွယ် အခမ်းအနားမှာ ဦးဖုန်တာရွှင် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ကိုးကန့်တပ်ရဲ့ ခေါင်းဆောင် ဦးဖုန်ကြာရှင်ကို တရုတ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးရဲ့ ပြောကြားချက်ကို BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်ဟာ စစ်ကောင်စီဘက်ကို အပြည့်အဝရပ်တည်နေသလို တရုတ်နိုင်ငံမှာရှိ ကိုးကန့်တပ်တွေရဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းထားပြီး ကိုးကန့်ထိန်းချုပ်ထားတဲ့ သိန္နီ၊ ကွမ်းလုံ စတဲ့မြို့နယ်တွေကိုလည်း စစ်ကောင်စီထံ ပြန်ပေးဖို့ ဖိအားပေးလာနိုင်တယ်လို့ ဆိုပါတယ်။

MNDAA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် တရုတ်ရဲ့ ဖိအားပေးမှုကို အမျိုးမျိုးခံနေရပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှာမှ ကိုးကန့်တပ်က တရုတ်ရဲ့ ဖိအားပေးမှုကို ပိုခံရပြီး ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့တွေကိုပါ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ပန်ဆိုင်း(ကြူကုတ်)နဲ့ တာမိုးညဲမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီတပ်ကတော့ လက်လွတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်မတိုက်ယူနိုင်ပေမယ့် လားရှိုးမြို့ကိုတော့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်လည်အခြေချခွင့် ရတော့မှာဖြစ်ကြောင်းပါ။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ကိုးကန့်တပ်က လားရှိုးမြို့ကနေ ဆုတ်ခွာတော့မှာလား

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီ ၁၈ ရက်ကစပြီး အပစ်ရပ်ပြီဖြစ်ကြောင်း တရုတ်က ကြေညာပေးပြီးနောက် ကိုးကန့်တပ်တွေအနေနဲ့ လားရှိုးကနေ ဆုတ်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ငွေတောင်းကြမ်းနေတဲ့ တန့်ယန်းမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံလူထုအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းကြမ်းနေကြပါတယ်။

တရုတ်စီစဥ်ပေးတဲ့ လားရှိုးအုပ်ချုပ်သူအပြောင်းအလဲနဲ့ ဖြစ်လာနိုင်တဲ့ ရှမ်းမြောက်နိုင်ငံရေး အခင်းအကျင်း

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်အုပ်ချုပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

ဝမ်ဟိုင်းအနီးရှိ ကျားဖြန်ရုံက ရိုက်နှက်နှိပ်စက်ခံနေရတဲ့ လူငယ်တွေကို ဆေးကုသပေးခဲ့ရတဲ့ သူနာပြု မနန်းပြောပြတဲ့ ကျားဖြန်ရုံတွေရဲ့ ရက်စက်မှုများ

သူနာပြုပညာတတ်ထားတဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ မနန်း(အမည်လွှဲ)တစ်ယောက် ရှမ်းမြောက် တန်ယန်းမြို့မှာ သူနာပြုအလုပ်ခေါ်စာ အွန်လိုင်းစာမျက်နှာပေါ်ကနေ တွေ့ခဲ့ပြီး အလုပ်ခေါ်စာထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး သူနာပြုအလုပ်လုပ်ဖို့ လျှောက်ခဲ့ပါတယ်။