By မိုင်းရူပ၊ ရွှေဖီမြေ
နိုင်ငံတဝန်း စစ်ဘေးဒဏ်အလူးအလဲခံနေရတဲ့ မြန်မာနိုင်ငံမှာ မနေ့ မတ်လ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၀ မိနစ်ကစပြီး ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုတ်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံး ဒဏ်ရာရသူ အများအပြားရှိနေပြီး အဆောက်အဦးအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုတ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးများပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာလည်း ထိခိုက်မှု အများအပြား ရှိခဲ့ပါတယ်။
ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူ ၂၃၇၆ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးရှိနေပြီး သေဆုံးသူရဲ့ စာရင်းတွေကို ဆက်လက်ကောက်ယူနေပြီး အရေအတွက်တွေ ထပ်တိုးလာနိုင်တဲ့ အခြေနေမှာ ရှိနေပါတယ်။
ဒါ့အပြင် နေအိမ်ပေါင်း ၁၅၉၁ လုံး၊ ဘုန်းကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင်ကျောင်း ၆၀ ခု ၊ တံတား ၃ စင်းနဲ့ ဘုရားစေတီ ၂၉၀ ဆူ ပျက်စီးဆုံးရှုံးသွားတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ဒါ့အပြင် အထင်ကရနေရာတွေဖြစ်တဲ့ မန္တလေး မဟာမြတ်မုနိဘုရား အပါအဝင် အင်းဝရှိ နန်းမတော်မယ်နုအုတ်ကျောင်း၊ မစိုးရိမ် စာသင်တိုက်နဲ့ စစ်ကိုင်းတံတားစတာတွေဟာ ငလျင်ကြောင့် ပျက်စီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မင်းကွန်းတောင်ရိုးမှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများပြီး ဒီနေ့မနက်အထိ အပျက်အစီးကြားကနေ ပိမိနေသူတွေလည်း ရှိနေသေးတယ်လို့ မင်းကွန်းတောင်ရိုးမှာ ရှိနေတဲ့ ဘုန်းကြီးတစ်ပါးက မိန့်ပါတယ်။
“ပိမိနေတဲ့လူတွေလည်းအများကြီး ရှိသေးတယ်။ သေဆုံးမှုက အရမ်းကို များနေတယ်” လို့ ဆိုပါတယ်။
ရှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ၄၀ နီးပါးအထိရှိလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နန်းပန်နားက ရေထဲက ရွာတွေ အများဆုံးဖြစ်တာ။ ရွာတွေ ခပ်များများမှာ အိမ်အပျက်စီးတွေ တော်တော်များတယ်”
ဒီငလျင်လှုတ်ခတ်မှုမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အကြီးမားဆုံး ငလျင်လှုတ်ခတ်မှုဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၀၈ ခုနှစ်မှာ ပြင်းအား ၇.၅ အဆင့်ရှိတဲ့ ငလျင်လှုတ်ခတ်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။
“အရင် ငလျင်လုပ်ဖူးတယ်။ ဒီလောက်မဆိုးဘူး။ အခုငလျင်က အဆိုးဆုံးဘဲ” လို့ နန်းပန်မြို့မှာ ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ဆိုပါတယ်။
ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့မှာတော့ ဟိုတယ်အောင်ပန်းပြိုကျမှုမှာ သေဆုံးသူ အမျိုးသမီး ၃ ဦးရဲ့ အလောင်း တွေ့ရှိထားပြီး အသက်ရှင်ကျန်ရစ်သူ ၂၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သေတဲ့သူ ၃ ယောက်ရှိတယ်။ အမျိုးသမီးတွေပဲ။ ၂၄ ယောက်တော့ ကယ်ထုတ်နိုင်ခဲ့တယ်။ အောင်ပန်းဆေးရုံမှာ ပို့ထားတယ်။ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်”
ရှမ်းမြောက်မှာတော့ ငလျင်လှုတ်ခတ်မှုကြောင့် မန်တုံ၊ နမ့်ဆန်နဲ့ မိုးမိတ်မြို့နယ်တွေမှာ စေတီနဲ့ အဆောက်အဦးအချို့ပျက်စီးတာရှိပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။
“လူထိခိုက်တာတော့ မရှိဘူး။ စေတီတွေ ပြိုတာတော့ ရှိတယ်” လို့ ငလျင်လှုတ်ခတ်ပြီးနောက် မိုးမိတ်မြို့ရဲ့ အခြေအနေကို ဒေသခံတစ်ဦးက အခုလိုပြောပြထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငလျင်ဒဏ်သင့်တဲ့ လူထုတွေကို ပြည်ပနိုင်ငံတွေအနေနဲ့ လာရောက်ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။
ဒီနေ့ မနက်အထိ ရုရှား နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ကျော်နဲ့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၀ ကျော်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အမေရိကန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေလည်း မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်လူထုတွေကို အကူအညီတွေ ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကလည်း ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး နိုင်ငံတကာတွေအနေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို အကူအညီတွေပေးဖို့ တိုက်တွန်းထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ဝတပ်ဖွဲ့ -UWSA၊ မိုင်းလားတပ်-NDAA၊ ကိုးကန့်တပ်မတော်-MNDAA တို့ကလည်း ငလျင်ဘေးသင့်ပြည်သူတွေကို အကူအညီတွေ ပေးသွားမယ်လို့ ထုတ်ပြောထားပါတယ်။
ဒါအပြင် UWSA တပ်က လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေကို ခေတ္တရပ်စဲကြပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အတူပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁ သောင်းကနေ ၁ သိန်းကြားအထိရှိနိုင်တယ်လို့ အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ ရာဂီမုန်တိုင်းအရှိကြောင့် နိုင်ငံတဝန်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတာကြောင့် လူရာနဲ့ချီသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မြန်မာနိုင်ငံမှာ လပိုင်းအကြာမှာဘဲ ငလျင်ဒဏ်ကို ပြန်ခံရတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ သဘာဝဘေးကြောင့် ကပ်ဘေးဆိုက်နေတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေလည်း ပိုကျယ်ပြန့်လာနေပြီး နိုင်ငံတဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတဝန်း ငလျင်ဒဏ်ခံနေရချိန် စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ထိခိုက်သေဆုံးမှုတွေ ဆက်ရှိနေပါတယ်။
မနေ့ မတ်လ ၂၈ရက် နေ့လည် ငလျင်လှုတ်ခတ်နေချိန်အတွင်း နောင်ချိုမြို့နယ် နောင်လင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ် ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဓနုတပ်-DPLA ရဲ့ စစ်မေ ၆ဦးနဲ့ တပ်သား ၁ ဦး ကျဆုံးခဲ့ပါတယ်။
စစ်ဘေး၊ ရေဘေး၊ လေဘေးနဲ့ ငလျင်ဘေး အပါအဝင် ကပ်ဘေးဆိုက်နေတဲ့ မြန်မာပြည်က လူထုတွေဟာ ဒီဒဏ်တွေကို ကြံ့ကြံ့ခိုင် ကျော်ဖြတ်နေရပါကြောင်း…..