အင်းငယ်၊ မတ်လ ၂၈ ရက်၊ အင်းလေး
ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ပန်းထိမ်အပါအဝင် ပန်းဆယ်မျိုး လက်မှုပညာတွေ တိမ်ကောလုနီးပါးအခြေအနေ ဖြစ်နေကြောင်း ဒေသတွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသကို ကမ္ဘာလှည့်ခရီးသည်နဲ့ ပြည်တွင်းခရီးသွား လာရောက် လည်ပတ်သူ မရှိသလောက် ဖြစ်သွားတာကြောင့် ရပ်တည်ရ ခက်ခဲလာပြီး လုပ်ငန်းတချို့ ပိတ်သိမ်းကုန်ပြီလို့ ဆိုပါတယ်။
ဟဲယာရွာမရှိ ပန်းထိမ်လုပ်ငန်းရှင်တစ်ဦးက “ကိုဗစ် ဖြစ်ကတည်းက မလာတော့တာလို့ ပြောလို့ရမယ်။ တစ်ခါ ပြန်ဖွင့်ပေးတော့လည်း ၆ လလောက်တောင် မကြာလိုက်ဘူး အာဏာထသိမ်းတော့ ဘာမှကို မလာတော့ဘူး။ အခုတော့ ဒေသခံတွေလောက်ပဲ အနည်းအကျဉ်း ဝယ်ကြတော့တာ။ အရင်ဝင်ငွေနဲ့စာရင် ၁၀ ပုံမှာ ၃ ပုံလောက်ပဲ ဝင်တော့တယ်။ ကိုယ်တိုင်လည်း ဒါပဲ လုပ်တတ်တော့ ဒါနဲ့ပဲ အသက်ဆက်နေရတာပေါ့” လို့ ပြောပါတယ်။
ပန်းထိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ငွေထည် တန်ဖိုးအနေနဲ့ အာဏာမသိမ်းခင်က တစ်ကျပ်သားကို ၁၂,၀၀၀ ကျပ်သာရှိပြီး လက်ရှိမှာ ၅ သောင်းကျော်အထိ ဈေးတက်လာတဲ့အပြင် ရွှေဈေးအရလည်း ၃ ဆကျော် မြှင့်တက်လာတာကြောင့် ရုန်းကန်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပန်းပဲလုပ်ငန်းဟာ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ဓား ကတ်ကြေး စတဲ့မီးဖိုချောင်သုံးနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ရောင်းအား ကျဆင်းလာပြီး ၅ ရက်တစ်ဈေးမှာတောင် ဈေးဦးမပေါက်တဲ့ရက်တွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဆည်ခေါင်းရွာရှိ ပန်းပဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “အသစ်ဝယ်တာက မရှိသလောက်ပါပဲ။ ကုန်ဈေးနှုန်းလည်း တအားတက်တော့ တောင်သူတွေလည်း စိုက်မယ့်သူ မရှိတော့ အဟောင်းပဲ ပြင်နေရတယ်။ အရင်က တစ်ဈေးဆိုရင် ဓား ၅ လက်လောက် ရောင်းရတာ အခုက ဈေးဦးပေါက်ဖို့တောင် အနိုင်နိုင်” လို့ ပြောပါတယ်။
အင်းလေးဒေသမှာ ပန်းထိမ်ကို ဟဲယာရွာမ၊ ပန်းပဲကို ဆည်ခေါင်းရွာမှာ ပြုလုပ်ကြပြီး ကျန်တဲ့ ရွာတွေမှာလည်း ပန်းဆယ်မျိုး လက်မှုပညာတွေ လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
လက်ရှိ ဒေသတွင်း ပန်းဆယ်မျိုးလုပ်ငန်းတွေ တိမ်ကောလုနီးပါး ဖြစ်လာတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပြဌာန်းမှုကြောင့်လည်း ပါဝင်ပြီး ဒေသတွင်း လူငယ်အများစုဟာ လွတ်မြောက်နယ်မြေရှိ အင်းလေး PDF မှာ ခိုလှုံနေတာကြောင့် လုပ်ငန်းဆက်ခံမယ့် မျိုးဆက်သစ်လည်း နည်းပါးလာပြီလို့ ပြောဆိုကြပါတယ်။