မိုင်းရူပ၊ ဇန်နဝါရီ ၉ ရက်၊ မိုင်းရယ်
ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းကစပြီး ရှမ်းမြောက်မိုင်းရယ်မြို့နယ်ထဲရှိ ကျားဖြန်ရုံကို စစ်ကောင်စီကဝင်ရောက်စီနင်းခဲ့ပြီး လေယာဥ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မိုင်းရယ်နဲ့ သီပေါမြို့နယ်ကြားရှိ သကြားစက်ရုံအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန်ရုံအစောင့်တွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က လေယာဥ်နဲ့ပါဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်တပ်ကသွားတော့ ဟိုဘက်ကပြန်ပစ်တာ။ အဲကြောင့် လေယာဥ်နဲ့ပါ လာကြဲတာ။ ကျားဖြန်ရုံရှိလို့သွားပစ်တာ။ လေယာဥ်နဲ့ တစ်နေ့ကုန် လာကြဲတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တဲ့ ကျားဖြန်ရုံဟာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပြီး ရွှေဖီမြေက သီခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
မိုင်းရယ်မြို့နယ်ဟာ စစ်ကောင်စီနဲ့ SSPP တပ်အကြား အဓိကသွားလာလှုပ်ရှားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး SSPP နဲ့ စစ်ကောင်စီတပ်ဘက်ကတော့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာလည်း သီပေါမြို့နယ် ပန်စင်ရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ SSPP တပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာလည်း SSPP ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီး ကျားဖြန်လုပ်ငန်းလုပ်ကိုင်နေသူ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။