ရဲမာန်၊ ဇန်နဝါရီ ၃၀ ရက်၊ မော်လူး
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသက လေဘိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မိသားစုဝင်အားလုံး သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လေဘိုကျေးရွာရှိ မိသားစုဝင် ၇ ဦးအပါအဝင် အိမ်ဘေးက အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲမဖြစ်တာ ကြာလှပါပြီ။ အကြောင်းမဲ့ကို လာကြဲတာပါ။ မိသားစုဝင် အကုန်ထိတာပါ။ ဗုံးက သူတို့အိမ်ရှေ့ လမ်းမကြီးပေါ် တစ်လုံး။ အိမ်အနောက်ကို တစ်လုံးကျတာပါ။ နာကျည်းစရာတွေဗျ”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ မိသားစုဝင် ၇ ဦးထဲမှာ အသက် ၆ နှစ်အရွယ် ယောကျာ်းလေးနဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးပါဝင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ပြည်သူတွေကို အကြောင်းမဲ့ နှိပ်စက်နေတဲ့ စစ်အာဏာရှင်တွေကို ဘယ်နည်းနဲ့မှ ကျေအေးစရာအကြောင်း မရှိပါဘူး။ ပြည်သူတွေလည်း လေယာဉ်ဆိုတာနဲ့ပတ်သက်လို့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး အေးဆေးမနေကြပါနဲ့။ သတိရှိကြပါလို့ ပြောချင်ပါတယ်။ ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း လေယာဉ်လာတာနဲ့ ပတ်သက်လို့ ပြည်သူတွေကို ရှောင်နိုင်တိမ်းနိုင်အောင် ကြိုတင်သတိပေးထားနိုင်အောင်လို့ နည်းလမ်းလေးတွေ ပြောထားလုပ်ထားပေးကြပါလို့ ပြောချင်ပါတယ်” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာလည်း အင်းတော်မြို့နယ် ပဲခူးရွာက စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။