ရဲမာန်၊ ဇန်နဝါရီ ၁၀ ရက်၊ ယင်းမာပင်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၉ ရက် ည ၆ နာရီဝန်းကျင်မှာ ယင်းမာပင်နယ်ထဲက ပြန်လှည့်ရွာကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံးခဲ့တဲ့အပြင် ၄ ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ monywa Revolution -MR က ရွှေဖီမြေကိုပြောပါတယ်။
“စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးသီးလေးလုံးကြဲသွားတာပါ။ သေတာက အမျိုးသား၂ ဦးနဲ့ အမျိုးသမီး၂ ဦးပါ။ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်”
အလားတူ မနေ့ ဇန်နဝါရီ ၉ ရက် ည ၇ နာရီဝန်းကျင်မှာခင်ဦးနယ် အရှေ့ခြမ်း လယ်သစ်တောကျေးရွာမှာ ရက်လည် တရားနာအိမ် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀ ၂၅ ခုနှစ် မတ်လ ၁၂ ရက်မှာ စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ် ကပိုင်ရွာအနီးကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။