ရဲမာန်၊ မတ်လ ၉ ရက်၊ ကနီ
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲ ရှင်ပြုပွဲ ပြုလုပ်နေတဲ့ အလှူအိမ်နဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရှင်လောင်း ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က နတ်လာပို့တောင်ရွာကို ၁၂၀ မမ ၄ လုံးနဲ့ အသေခံဒရုန်း အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“အသေခံ ဒရုန်း ၂ စီးနဲ့ ၁၂ဝ မမ ၄ လုံး ပစ်ခတ်ခဲ့တာပါ။ နတ်လာပို့တောင်ရွာက ဘုန်းကြီးကျောင်းနဲ့ အလှူအိမ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ”
ရှင်ပြုပွဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အင်အား ၃၀၀ ပါ စစ်တပ်ရဲ့ စစ်ကြောင်းကို အတွဲလိုက်ကွဲတဲ့ ပဒေသာမိုင်း အသုံးပြုပြီး ပြန်တိုက်ခိုက်ခဲ့တယ်လို့ Union Liberation Front- ULF က မနေ့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီဝန်းကျင်ကလည်း စစ်တပ်က ကနီမြို့မြောက်ခြမ်း ဝင်းမနားရွာက ဆေးရုံတစ်ခုကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၈ ဦး သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။