အိုက်ပွီး၊ ဒီဇင်ဘာ ၃၀ ရက်၊ သံတွဲ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငပလီမြို့ လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီးရွာကို မနေ့ ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီမှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“လူ ၉ ယောက်လောက်က သေဆုံးတယ်။ တချို့တွေက အစနပျောက်တာလည်း ရှိတယ်။ ၁၀ ယောက်ကျော်လောက် ဒဏ်ရာရတယ်။ ကလေးတွေလည်း ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်နေတုန်းပါ။” လို့ သံတွဲဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အရပ်သားတွေ ညဘက် လူစုဝေး စကားပြောနေချိန် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ဘက် ရပ်ကွက်ထဲမှာ လူတွေက ညဘက်ဆို စကားတွေ ဝိုင်းပြောလေ့ရှိတယ်။ အဲလိုနေရာမှာ မနေ့က ဗုံးကြဲခံရတာပါ။ တချို့တွေဆို မိသားစု တစ်စုလုံး ပါသွားတာလည်း ရှိတယ်” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီးရွာက လူနေအိမ် ၂၀ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကလည်း သံတွဲမြို့နယ်၊ ရွာရှည်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။