ယာရူစိင်၊ ဇန်နဝါရီ ၂ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁ ရက် ည ၇ နာရီခွဲမှာ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာရှိ စစ်ရှောင်တွေသာ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“တိုက်ပွဲဖြစ်ပွါးတာမျိုး မရှိပါဘူး။ လူထုတွေကိုသာ ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုလို့ ယူဆလို့ ရပါတယ်ဗျ။ အဲဒီစာသင်ကျောင်းမှာက စစ်ရှောင်တွေပဲ ရှိတာပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာက ဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်ကလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးနဲ့ ဒေသခံ ၆ ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာလည်း ဒီပဲယင်းမြို့နယ် ယဉ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခဲ့လို့ ဒေသခံ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို မြေပြင်ရော ဝေဟင်ပ် စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။