ရဲမာန်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ နတ်တလင်း
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကာကင်းစခန်းတစ်ခုပေါ်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရလို့ တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ Bamar Revolution Army – B.R.A က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၉ နာရီဝန်းကျင်တုန်းက သိမ်ကုန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Bamar Revolution Army -B.R.A တပ်ခွဲမှူး ရဲဘော်လကျ်ာက ရွှေဖီမြေကို ပြောပါတယ်။
“အဲနေ့က ဒရုန်းချတာ တော်တော်များတယ်။ ရှစ်လက်ဒရုန်း 6 KG ဗုံးသီးလောက်ရှိမယ်။ ပထမအလုံးမှာပဲ ရဲဘော်တွေ ကျဆုံးခဲ့တယ်။ ရုပ်အလောင်းတွေကို ဆွဲထုတ်နေတုန်း ထပ်ချတယ်။ ထိခိုက်မှုတော့ ထပ်မရှိပါဘူး။ အစားထိုးမရတဲ့ နစ်နာဆုံးရှုံးမှုပါပဲ။ ပြောမပြတတ်အောင်ပဲ ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ ထိုင်ပြီးဝမ်းနည်းနေလို့ မပြီးဘူးလေ။ ကျဆုံးသွားတဲ့ ရဲဘော်တွေကလည်း သူတို့အတွက် ပိုကြိုးစားပေးတာကိုပဲ မြင်ချင်ကြမှာ။ ဒါကြောင့် အရင်ထက် ပိုကြိုးစားဖို့စိတ်ပိုင်းဖြတ်ထားပါတယ်”
နတ်တလင်းမြို့နယ် ဒမငယ်နဲ့ ငုတ်တိုရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဆက်လက်ဖြစ်ပွားနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာလည်း နတ်တလင်းမြို့နယ် ကံသာယာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။