ရဲမာန်၊ ဇန်နဝါရီ ၁၂ ရက်၊ ချောင်းဦး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Monywa Revolution -MR က ရွှေဖီမြေကို ပြောပါတယ်။
“ချောင်းဦးနယ် တောင်ခြမ်း တောင်ဖီလာရွာက အသက် ၂၀ ဝန်းကျင် အမျိုးသား ၂ ယောက်၊ ညောင်ပင်တဲရွာက ၁၁ အရွယ် ၇ တန်းကလေးနဲ့ ၆ နှစ်အရွယ် ၁ တန်းကလေးတို့ သေဆုံးခဲ့တယ်”
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲမှာလည်း ကျီးကုန်းရွာအနီးရှိ စစ်တပ်ရဲ့ မြပုလဲ အထိုင်ချစခန်းကနေ ကျီးကုန်းရွာအတွင်း လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကောင်စီတပ်က စစ်ကိုင်း ချောင်းဦးမြို့နယ်မှာ ဒုတိယအပိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။