ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ကျိုက်ထို
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ အင်အား ၂၅၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်က ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စု အတွင်းက ရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ခရွဲကျေးရွာအုပ်စု စစ်ကွင်းရွာအနီးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကွင်းရွာက အသက် ၆၀ အရွယ် ဦးစောနောင်အပြင် ၎င်းရဲ့ ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်မအေးနဲ့ မုက္ခမော့ရွာက အသက် ၆၅ နှစ်အရွယ် ဦးအေးသိန်းတို့ သေဆုံးခဲ့ပြီး စစ်ကွင်းရွာက အသက် ၁၄ နှစ်အရွယ် သက်မိုးအောင်၊ မုက္ခမော့ရွာက အသက် ၇၂ နှစ်အရွယ် ဦးခင်စိန် နဲ့ အသက် ၁၅ နှစ်အရွယ် မောင်စိုင်းကြယ်စင် တို့ ၃ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၁၉ ရွာ အိမ်ခြေ ၂,၉၃၉ အိမ်က ဒေသခံ ၁၂,၉၃၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောင်ထွင်းနေပြီး ညောင်ထောက်ရွာက ဆိုင်ကယ် ၆ စီးနဲ့ အလူးကြီးရွာက ဆိုင်ကယ် ၃ စီး၊ လက်ကိုင်ဖုန်း ၄ လုံး၊ ပါဝါဘဏ် ၃ လုံးနဲ့ ငွေသား ၅ သိန်းကျပ်ကို အတင်းအဓမ္မသိမ်းယူခဲ့သလို ညောင်ထောက်ရွာက နေအိမ် ၂ လုံးလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။