ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၇ ရက်၊ မုန်း
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသဖြစ်တဲ့ ခလယ်လွီထူခရိုင်၊ မုန်း (မူး) မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေယာဥ်နဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီခွဲမှာ စောခီးကျေးရွာထဲကို လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် စောကလဲမူသော ထိမှန်သေဆုံးခဲ့ပြီး နေ့လယ် ၁၁ နာရီမှာလည်း ခြေမြန်တပ်ရင်း (ခမရ-၄၃၉) က ခင်ကြီးကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် မောင်မျိုး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ် ၃ နာရီခွဲမှာလည်း ခြေလျင်တပ်ရင်း (ခလရ-၆၀) က ငထွေစုတ်ကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲခဲ့သလို ၁၂၀ မမ လက်နက်ကြီး (၆) လုံးနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် စောတာနေသား ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာလည်း (ခမရ-၄၃၉)တပ်က ခင်ကြီးကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ထွေးရီသန်း ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲတာ၊ လေယာဥ်နဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သားနေအိမ် ၁၇ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။