လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ လမ်းမကြီးပေါ်မှာ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးနေတယ်လို့ ဒေသခံတွေစီက သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်မှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ယူမာကျေးရွာ အဲဗားမျော့ခြံအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးအလောင်း တွေ့ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အဲဒီယူမာကျေးရွာမှာ လုံခြုံယာအိမ်မှာ နေပြီးတော့ စစ်မရှောင်ပဲနေတာရှိတယ်။ သူတို့က သက်ဆိုင်ရာတွေကို အကြောင်းကြားတဲ့အခါမှာ အလောင်းတွေ့တယ်ဆိုပြီး မနက်ကမှ အဲအလောင်းကို ဒေသတွင်းက လူမှုကူညီရေးအသင်းတွေ အဲအလောင်းကို သွားကောက်ပြီးမှ ဆိပ်မူသုဿန်ကို ပို့လိုက်တာ။ ဖြစ်တာက မနေ့ညလောက်ကတည်းက ဖြစ်တာ”
သေဆုံးသွားတဲ့ အမျိုးသား ၂ ဦးထဲက တစ်ဦးဟာ ဆိပ်မူကျေးရွာက ကျောင်းဆရာမတစ်ဦးရဲ့ တူဖြစ်ပြီး နောက်တစ်ဦးကတော့ အမည် နေရပ်လိပ်စာ မသိရဘူးလို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
အဆိုပါ အမျိုးသား ၂ ဦးရဲ့ အလောင်းကို စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးမှာ တွေ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ပစ်သတ်တာ ဖြစ်နိုင်တယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီ အမျိုးသား ၂ ဦး သေဆုံးတာနဲ့ပတ်သတ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားလဲ ဆိုတာကိုတော့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ယူမာကျေးရွာအနီးက အဲဗားမျောခြံထဲမှာ စစ်ကောင်စီတပ်က တပ်စွဲထားသလို ဆိုင်းတောင်ဘက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တော်လှန်ရေးတပ်တွေ စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက်အပြန်အလှန် လမ်းတွေပိတ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းမှာလည်း ဖားကန့်မြို့နယ် လုံခင်းကျေးရွာထဲမှာ ထမင်းစားနေစဥ် ထမင်းဝိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကလေး ၄ ဦးအပါအဝင် မိသားစုဝင် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။