ပို့လဘား၊ ဇန်နဝါရီ ၂၄ ရက်၊ မိုးကုတ်
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်တန်းကုန်းလမ်းဆုံအနီးမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်နဲ့ မနေ့ ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီအကျော်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်တန်းကုန်း လမ်းဆုံအနီးနဲ့ မိုးကုတ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“ပြည်သူနှစ်ယောက် သေတယ်။ တစ်ယောက်က ခေါင်းပြတ်သွားပြီး နောက်တစ်ယောက်က ကျောပွင့်သွားတယ်။ မနေ့ညက ၁၁ နာရီကျော်မှာလည်း ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်။ အထိအခိုက်ရှိလားတော့ မသိသေးဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၂၃ ရက် ည ၁၁ နာရီကျော်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ချမ်းသာကြီးဘုရားအနားမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း မိုးကုတ်မြို့ပြင်ရှိ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဘက်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။