မိုင်းဖိူမ်းဆငဲ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက်ကျေးရွာထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာယာဉ်ကို အသုံးပြုပြီး ဗုံးကြဲချခဲ့တာကြောင့် ရွာခံ အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုက မနေ့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း ၄ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သတင်းရင်းမြစ်က “ ရိုးရိုးဗုံးလို့ ယူဆရတယ်။ ပေါင် ၅၀၀ မဟုတ်ဘူး” လို့ ဆိုပါတယ်။
မီးကျောင်းကျေးရွာက ကျောက်ဖြူမြို့နယ်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာတည်ရှိပြီး ကျောက်ဖြူမြို့နဲ့ ၉ မိုင်ခန့်အကွာအဝေးမှာ တည်ရှိပါတယ်။
ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော် – AA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း ကျောက်တော်နဲ့ မြောက်ဦးမြို့ကို လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အာရက္ခတပ်တော် – AA ကလည်း စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ဆိုကာ လေကြောင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။