ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တောင်သာ
မန္တလေးတိုင်း တောင်သာမြို့နယ် ပဲခင်းကျော်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် နေအိမ် ၅၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ပဲခင်းကျော်ကျေးရွာထဲကို ရောက်ရှိတပ်စွဲထားခဲ့ပြီး ၁၃ ရက်မှာတော့ ကျေးရွာက မှုလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းမှာ အရပ်သားတွေ သိမ်းဆည်းထားတဲ့ ကောက်ပဲသီးနှံတွေကို စစ်ကောင်စီတပ်က ၁၂ ဘီးကားနဲ့ သယ်ဆောင်သွားတဲ့အပြင် ကျန်ရှိနေတဲ့ မြေပဲနဲ့ ပဲစင်းငုံ အိတ်တွေလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ မကွေးတိုင်း မြိုင်မြို့နယ် အိုရင်းရွာက ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ လူထုပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အဓမ္မ သိမ်းယူသွားခဲ့တဲ့အပြင် နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။