ရွှေဖီမြေ၊ ဇန်နဝါရီ ၂၉ ရက်
တအာင်းတပ်မတော်- PSLF/ TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံရတဲ့ ကျောက်မဲနဲ့ သီပေါမြို့က ဒေသခံတွေအများစုဟာ လက်ရှိအချိန်အထိ ပြန်လည်လွှတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့ကို PSLF/TNLA ထိန်းချုပ်စဥ် အုပ်ချုပ်ရေးမှူးတွေ လုပ်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၆ ဦးကို စစ်ကောင်စီက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ PSLF/TNLA အကြား အပစ်ရပ်ထားတဲ့ ကာလဖြစ်တာကြောင့် ဖမ်းဆီးခံရသူတွေ လွှတ်မြောက်ဖို့ တအာင်းတပ်ဘက်က ဆောင်ရွက်ပေးစေချင်တယ်လို့ ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့ ကျောက်မဲမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ရပ်ကွက် ၂ နဲ့ ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှောင်လို့ အဖမ်းမခံရဘူး။ ရပ်ကွက် ၃ က ဖြေရှင်းနိုင်တော့ အဖမ်းမခံရဘူး။ ကျန်တဲ့ ရပ်ကွက်က အကုန်ဖမ်းခံရတယ်။ အခုထိ မလွှတ်သေးဘူး။ အားလုံးကတော့ TNLA ဘက်က ညှိနှိုင်းပေးစေချင်တယ်ပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့မှာ TNLA နဲ့ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိဆိုပြီး နေအိမ် ဆယ်နဲ့ချီကိုလည်း စစ်ကောင်စီဘက်က ချိတ်ပတ်ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
သီပေါမြို့မှာလည်း TNLA ထိန်းချုပ်စဥ်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်း ချမှတ်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ သီပေါမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ချိတ်ပိတ်ခံရတဲ့ နေအိမ် ဆယ်နဲ့ချီ ရှိနေပြီး ဖမ်းဆီးရခံသူ ၄၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့နယ်ကို တအာင်းတပ်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံရသူတွေအတွက် ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
တအာင်းတပ် ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲ စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။