အလင်း၊ ဖေဖော်ဝါရီလ ၃ ရက်၊ မင်းတပ်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင် ဆရာတော်တစ်ပါး ဒဏ်ရာရရှိပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေ ထိမှန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇန်နဝါရီလ ၂ ရက်နေ့၊ နေ့လည် ၂ နာရီခွဲဝန်းကျင်မှ စတင်ကာ ဂျက်ဖိုက်တာနဲ့ (၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံးအပြင် ရော့ကက်တွေ လက်နက်ငယ်တွေကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
“ကျောင်းထိုင်ဆရာတော်က ခြေထောက်မှာ ထိခိုက် ဒဏ်ရာရသွားတယ်။ နေအိမ်တစ်လုံးလည်း လုံးဝပျက်စီးသွားပြီး တခြားအိမ်တွေလည်းပျက်စီးမှုရှိတယ်။ အိမ်မွေးကြက် (၄) ကောင်လည်း သေဆုံးခဲ့တယ်။” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မင်းတပ်မြို့နယ်မှာ တိုက်ပွဲမရှိသလို ဘာစစ်ရေးလှုပ်ရှားမှု မရှိဘဲ စစ်ကောင်စီတပ်က အပြင်းထန် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားတာဖြစ်ပါတယ်။
စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ငယ်တွေအပြင် ပေါင် ၂၅၀ ဗုံးသီး တချို့မှာ မပေါက်ကွဲသေးဘဲ ရွာထဲမှာ ကျန်ရှိနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမပြုလုပ်မီ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ကနေ ညနေ ၄ နာရီဝန်းကျင်အထိ စစ်ကောင်စီရဲ့ ATR-42 ကင်းထောက်လေယာဉ်က ပျံသန်းကင်းထောက်မှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းပြသတဲ့ ပစ်မှတ်တွေအတိုင်း ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က မင်းတပ်မြို့နယ်အတွင်းရှိ ရွှေအောင်သာ – မိုင် ၄၀ လမ်းမပေါ်ရှိ နေရာ (၃) နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကျန်နေရာနှစ်ခုတွင်မူ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။