ပို့လဘား၊ ဇန်နဝါရီ ၉ ရက်၊ ပခုက္ကူ
မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာကနေ ထွက်လာတဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကံရပ်ကြီးကျေးရွာထဲကို ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ နေအိမ် အလုံး (၂၀၀) ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၆၀ ကျော်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အခုက သူတို့ရှို့တာ အရင်လိုမဟုတ်ဘူး။ အရင်က နေအိမ် ၂၀ ရှို့ရင် သူတို့အကြာကြီးရှို့ရတယ်။ အခုက သူတို့ မီးဂန်းနဲ့ မှုတ်ပြီး မီးရှို့တော့ အများကြီးလောင်သွားတယ်။ ဂတ်နဲ့ မီးရှို့တော့ ခဏလေးအတွင်းမှာ အများကြီး ရှို့နိုင်တဲ့သဘောပေါ့။ အဲကံရပ်ကြီးရွာကလည်း အိမ်ခြေနှစ်ရာကျော်ရှိတဲ့ ရွာဆိုတော့ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရတယ်။ အဲချိန်မှာပဲ အဖွားတစ်ဦးက သွေးလန့်ပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဇန်နဝါရီလ ၉ ရက် မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်က ကမ္မမြို့ပေါ် ရောက်ရှိလာကြပြီး ဒေသခံတွေရဲ့ နေအိမ် ၁၁ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကံရပ်ကြီးကျေးရွာအတွင်းရှိ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာက ဒေသခံတွေကလည်း ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်အကူအညီ လိုအပ်နေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။