မိုင်းဖိူမ်းဆငဲ၊ ဖေဖော်ဝါရီ ၆ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့ရှိ ရပ်ကွက်တချို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ကင်းလွတ်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ စစ်မှုထမ်းကြေး ၁ သိန်း လစဉ် ပေးဆောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကြီးမြို့ထဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတဲ့နောက်ပိုင်း ဒေသခံတွေဟာ စစ်မှုထမ်း ကင်းလွတ်ခွင့် ရဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ လစဉ် ငွေ ပေးနေရတာပဲ ဖြစ်ပါတယ်။
ရပ်ကွက်တချို့မှာ လစဉ် သောင်းဂဏန်းအထိသာ ပေးကြရပေမဲ့ ရတနာသီရီရပ်ကွက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၁ သိန်းအထိ ကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၂၀၂၄ ကတည်းက စပေးကြရတာ။ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက်က မတူဘူး။ ရတနာသီရိမှာတော့ ၁ သိန်းအထိ ကောက်တယ်။ တစ်လတစ်ကြိမ် ကောက်တယ်လို့ ပြောတယ်”
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲမှာလည်း စစ်တပ်က အသက်ပြည့်တဲ့ လူငယ်စာရင်း ကောက်ခံတာ ရှိနေပြီး စစ်မှုထမ်းဖို့ ကောက်ခံမှာကို မြို့ခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။