မြတ်နိုး၊ ဇန်နဝါရီ ၂၃၊ ဗန်းမော်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းက ထီလင်း(ကောင်ဂျာ)ရွာမှာ မနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက နာရေးလုပ်နေတဲ့ အိမ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ဒေသခံပြည်သူ ၁၈ ဦး ဝန်းကျင် သေဆုံးပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ထီးလင်းရွာရှိ ကျောင်းရှေ့ နာရေးလုပ်နေတဲ့ အိမ်ကို စစ်ကောင်စီတွေ ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံး ၄ လုံး ကြဲသွားတာ။ သိရသလောက် ၂၈ ယောက် ထိခိုက် ဒဏ်ရာရပြီး ၁၈ ယောက် သေဆုံးတယ်လို့ ပြောတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၄ နဦရီခွဲနဲ့ ၅ နာရီကြား အချိန်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ၂ ကြိမ် ဗုံး ၄ လုံးခန့် လာရောက်ကြဲချ တိုက်ခိုက်သွားခဲ့တာလို့ ဆိုပါတယ်။
“သေဆုံးသွားတဲ့ထဲ ဗန်းမော်က စစ်ရှောင်တွေလည်းပါတယ်။ ဗန်းမော်ဘက်က စစ်ရှောင်တချို့ စစ်ရှောင်နေတဲ့ တိမ်းဖာတောင်နားက ထီးလင်း (ကောင်ဂျာ)ရွာပါ” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။
တိုက်ပွဲ ဖြစ်တာတွေလည်း မရှိပဲနဲ့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်သွားတာပါ လို့ သူက ပြောပါတယ်။
ဗန်းမော်မြို့နယ်က လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်နေပြီး မံစီနဲ့ မိုးမောက် မြို့နယ်တွေ အပါအဝင် မြို့ပေါ် ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာ အုပ်စု တခုမှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကောက်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။