အိုက်ပွီး၊ ဇန်နဝါရီ ၅ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားလ်တာကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်မှာ ဟားခါးမြို့နယ်၊ ဟားလ်တာရွာကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးနဲ့ မိခင်ဖြစ်သူတို့မှာ ၃ ဦးသေဆုံးပြီး ဖခင်ဖြစ်သူမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီပြင်းထန်ဒဏ်ရာရရှိတဲ့ ဖခင်ဖြစ်သူဟာ ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားတာဖြစ်ပါတယ်။
“ဒဏ်ရာက အရမ်းပြင်းထန်တော့ ဆေးကုသလို့မရတော့ဘူးလေ။ ဆိုတော့ မိသားစုတစ်စုလုံး သေဆုံးသွားတာပေါ့နော်။”လို့ နီးစပ်သူဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟားလ်တာရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
ဟားလ်တာရွာဟာ အိမ်ခြေ ၈၀ ခန့်ရှိပြီး ဟားခါး-မှန်တော ကားလမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ကာ အရပ်သား ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။