ပျားကြီး၊ ဖေဖော်ဝါရီ ၂ ရက်
မန္တလေးမြို့လယ်ခေါင်၊ ရဲနဲ့ပျူစောထီးတွေ အချိန်ပြည့် ကင်းလှည့်စစ်ဆေးလေ့ရှိတဲ့နေရာမှာ သေနတ်နဲ့ ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုတစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ဈေးအနီး၊ ၃၈ လမ်းနဲ့ ၈၄ လမ်းထောင့်မှာရှိတဲ့ ရေခဲမုန့်ဆိုင်က ဆိုင်ရှင်အမျိုးသမီး ၂ ဦးဟာ မနေ့ ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီဝန်းကျင်မှာ ဆိုင်သိမ်းအပြီး အိမ်ပြန်ဖို့ ပြင်ဆင်နေချိန်မှာပဲ အမျိုးသား ၂ ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ကို လုယက်ခဲ့တာ ဖြစ်ပါတယ်။
“၂ ချက်ဆင့်ပြီး ပစ်တာ။ စက္ကန့်ပိုင်းပဲခြားပြီး နောက်တစ်ချက် ထပ်ပစ်တယ်။ ဆိုင်ရှင်သားအမိ ၂ ယောက်လုံး ဒဏ်ရာတွေ ရသွားတာ။ ဒီနားကနေ့ရော ညရော ရဲတွေပျူတွေ မပြတ်တဲ့နေရာ။ ရွှေဆိုင်တွေ အများကြီးရှိတဲ့နေရာ။ ဒီနေရာမှာ ခဏခဏဓားပြတိုက်ခံရ။ လုခံရနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတော့တာပဲ” လို့ အနီးဝန်းကျင်မှာ နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လုယက်သူ ၂ ဦးဟာ ဆိုင်ကယ်လုယက်ချိန်မှာ သေနတ်နဲ့ ၃ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ လမ်းပေါ် သွားလာနေသူတွေလည်း ရှိနေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆိုင်ရှင်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာတချို့ ရရှိခဲ့ပေမဲ့ လုယက်ခံရတဲ့ ဆိုင်ကယ်ကိုတော့ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
မန်းမြို့ဈေးအနီးဝန်းကျင်မှာ ရွှေဆိုင်ပေါင်း ၂၀ ထက်မနည်းရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဆိုင်ဓားပြတိုက်ခံရမှုတွေလည်း ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။