ရဲမာန်၊ ဖေဖော်ဝါရီ ၅ ရက်၊ တန့်ဆည်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် သစ္စေးကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ်တွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၁ ပါးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ သစ္စေးကုန်းရွာထိပ် ဘုန်းကြီးကျောင်းကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“အထိအခိုက်ကတော့ များတယ်ဗျ။ သေတာက ကိုရင်လေး ၁ ပါးအပါ ၆ယောက်ပါ။ အခြေအနေက သာမန်ပါဘဲ။ ကျောင်းထဲမှာ ကားဝပ်ရှော့တစ်ခုရှိတော့ ကားတွေ အများကြီးတွေ့တာနဲ့ ဆေးရုံဆေးခန်းထင်လို့ ချတာဖြစ်နိုင်တယ်။ ပထမ ဖိုက်တာနဲ့ ၂ ကြိမ်ပါ။ ပထမအကြိမ် အလုံးချပြီး နောက်တစ်ကြိမ်ကတော့ ဗုံးသီးချပြီး ရော့ကတ်နဲ့ ပစ်ခဲ့တာပါ။ ဒုတိယဖိုက်တာနဲ့က ၃ ကြိမ်ဝဲပြီး ၂ ကြိမ် ရော့ကတ်နဲ့ ပစ်ခဲ့တာ”
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှာလည်း စစ်ကောင်စီတပ်က တန့်ဆည်မြို့နယ် ကံထူးမကျေးရွာက ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ၂၀၂၅ စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီခွဲမှာလည်း ကံထူးမရွာ အနောက်ခြမ်း အိုင်လျှားရွာအနီးကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။