ရဲမာန်၊ ဇန်နဝါရီ ၃ ရက်၊ ဘီးလင်း
မွန်ပြည်နယ် ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၃) မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အလူးကြီးကျေးရွာက ရွာခံအမျိုးသား ၃ ဦး သေဆုံးတယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရွာခံအမျိုးသား ၃ ဦး သေဆုံးခဲ့တဲ့အပြင် ၂ နှစ်အရွယ်ကလေးနဲ့ ၂၀ ဝန်းကျင်အရွယ် အမျိုးသားလည်း ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စကစရဲ့ တပ်မဟာက ခမရ ၃ ပေါ့။ သူက မနက်တိုင်း ကင်းလှည့်တယ်။ ကင်းမလှည့်ခင် လက်နက်ကြီး ၂ လုံးနဲ့ အရှေ့ကို ကြိုပစ်တယ်။ လက်နက်ငယ်လည်း ပစ်ဖောက်တယ်။ အလူးကြီးကျေးရွာမှာဘဲ ထိုင်ပြီးပစ်တာ။ ပြောင်းကချော်ပြီး အလူးကြီးကျေးရွာမှာဘဲ ပြန်ကျတာ”
အဲဒီလက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ကိုသန်းနိုင်၊ အသက် ၆၀ အရွယ်ရှိတဲ့ ကိုသန်းဌေးနဲ့ နောက်ထပ် အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဘီလင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃ က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်ပဲ အရပ်သား ၂ ဦး သေဆုံးတာနဲ့ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။