ရဲမာန်၊ ဖေဖော်ဝါရီ ၄ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ခဲ့လို့ အဲကားပေါ် လိုက်ပါစီးနင်းသူတွေ သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ မုံရွာမြို့ သာစည်လမ်းပေါ်မှာ သွားလာနေတဲ့ မတ်တူးအဖြူရောင်ကားတစ်စီးကို စစ်ကောင်စီတပ်က ပတ်ကင်းကားတွေနဲ့ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“တော်လှန်ရေးရဲဘော်ကားလား ပြည်သူကားလား မသိသေးဘူး။ ကားပေါ်လိုက်ပါလာတဲ့ လူငယ်သုံးဦး သေဆုံးတယ်လို့ ကြားရတာဘဲ”
အဆိုပါ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ လူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျွန်တော်တို့လည်း ခုထိ ဘာကြောင့်ပစ်တယ်ဆိုတာ အတိအကျမသိရသေးဘူး။ တချို့က ရပ်ခိုင်းတာ မရပ်လို့ပစ်တာ။ တချို့က ပေါ်တာကားကြီး ပေါ်တာကားကြီးဆိုပြီး အော်ပြောတာကြားလို့ လိုက်ပစ်တာတဲ့။ သေဆုံးသူက ကားပေါ်ပါ နှစ်ယောက်ပြောတယ်။ တချို့သတင်းက သုံးယောက်ပြောတယ်။ မောင်းသူလည်း ထိမှန်သေဆုံးတယ်လို့ ပြောတယ်။ ပစ်ခတ်စဥ်မှာလည်း ဘေးကလူ ၄ ဦးလောက် ထိတယ်တဲ့”
စစ်ကောင်စီတပ်ဖွဲ့က မုံရွာမြို့ပေါ် လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ ကွမ်းယာဆိုင်တွေမှာပါ ပေါ်တာဆွဲဖမ်းဆီးနေတာတွေ မကြာခဏပြုလုပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။