မင်းနိုင်၊ ရွှေဖီမြေ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက်နေ့ ညပိုင်းက ကွတ်ခိုင်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ တအာင်းတပ်နဲ့ကိုးကန့်တပ်တို့အကြား ပဋိပက္ခဟာ ၁လနီးပါးကြာလာတဲ့အထိ ပြေလည်မှုမရသေးဘဲ အပြန်အလှန်ကန့်သတ်မှုနဲ့ ဖိအားပေးနေကြဆဲဖြစ်ပါတယ်။

ညီနောင်မဟာမိတ်အချင်းချင်းကြား မပြေလည်မှုကနေ လူထုတွေအတွက် မဖြစ်မနေလိုအပ်တဲ့ စက်သုံးဆီ၊စားသောက်ကုန်နဲ့ကုန်ပစ္စည်းအားလုံးကိုပါ ကန့်သတ်ပိတ်ဆို့ထားတဲ့အထိဖြစ်လာရပြီး ဒီဒဏ်ကို မသက်ဆိုင်တဲ့ လူထုတွေကပါ ခံစားလာနေရပြီ ဖြစ်ပါတယ်။

ဒီပဋိပက္ခစတင်ဖြစ်ပွားတဲ့ ပထမအပတ်မှာတော့ လူမျိုးရေးကို ဦးတည်ပြီး စစ်ဆေးတင်းကြပ်တာ၊ ခရီးသွားလာခွင့်မပေးတာရှိခဲ့ပေမယ့် ကုန်တင်ကားတွေကိုတော့ သွားလာခွင့်ပြုခဲ့တာကြောင့် ခရီးလမ်းကြာတာကလွဲလို့ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ကုန်ပစ္စည်းပြတ်လပ်တာတွေ ဖြစ်ပွားခြင်းမရှိခဲ့ပါဘူး။

ပဋိပက္ခဖြစ်ပွားပြီး ဒုတိယအပတ် ဖေဖော်ဝါရီ

လ ၂၁ရက်နေ့မှာတော့ ကိုးကန့်တပ်က သူတို့ထိန်းချုပ်တဲ့ လားရှိုးနယ်ကနေ တအာင်းတပ်ထိန်းချုပ်တဲ့ နမ္မတူဒေသကို စက်သုံးဆီသယ်ယူခွင့်ကို အီနိုင်းဂိတ်မှာ စတင်ကန့်သတ်လိုက်ပြီး ဖေဖော်ဝါရီ ၂၆ရက်နေ့မှာတော့ ကုန်စီးဆင်းမှုအားလုံးကို ထပ်မံပိတ်ပင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ကိုးကန့်တပ်က သူတို့ထိန်းချုပ်တဲ့ သိန္နီမြို့ကနေ တအာင်းတပ်ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ဘက်ကို ဆန်နဲ့စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့်ကို ပိတ်လိုက်ပြီး ဈေးအရောင်းအဝယ်လုပ်တဲ့ ဈေးသည်အချို့ကိုပါ စတင်ကန့်သတ်ခဲ့ပါတယ်။

အဲလိုကန့်သတ်ပိတ်ဆို့မှုအပြီး မတ်လအစမှာတော့ တအာင်းတပ်ထိန်းချုပ်ဒေသထဲကို ဆန်နဲ့စက်သုံးဆီကလွဲလို့ ကျန်ကုန်အားလုံးပြန်လည်ပို့ဆောင်ခွင့်ကို ကိုးကန့်တပ်က ပြန်လည်ခွင့်ပြုခဲ့ပြီး မတ်လ ၈ရက်နေ့မှာတော့ ကိုးကန့်တပ်က သူတို့ထိန်းချုပ်ဒေသကနေ တအာင်းတပ်ထိန်းချုပ်ဒေသထဲကို ကုန်အားလုံး သယ်ဆောင်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

“ကားတွေ အများကြီးပဲ သွားဖို့စောင့်နေကြတာ။ သူတို့က ရွာကလူတွေ ငှားပြီးတော့ကို ကားတွေကို စစ်ဆေးနေတာ။ ဘာမှ သယ်ခွင့်မပေးဘူးတဲ့။ ကားကို အကုန်မွှေနှောက်ပြီး စစ်ဆေးတာ”လို့ လားရှိုးနယ် အီနိုင်းဂိတ်မှာ စစ်ဆေးခံရတဲ့ ကားသမားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၉ရက်နေ့မှာပဲ ကိုးကန့်တပ်က သိန္နီကနေ ကွတ်ခိုင်ဘက်ကို တက်မယ့်ကားအားလုံးကို မတက်ခိုင်းစေတော့ဘဲ နောက်ပြန်လှည့်ခိုင်းတဲ့အထိ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။

တအာင်းတပ်ကတော့ သူတို့ဒေသကနေ ကိုးကန့်ထိန်းချုပ်ဒေသထဲကို ခရီးသည်သွားလာခွင့်နဲ့ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ပိတ်ပင်ခြင်းမရှိပေမယ့် လက်ရှိ ကိုးကန့်တပ်က သူတို့ထိန်းချုပ်ဒေသထဲ ကုန်အဝင်ကိုပါ ထပ်မံလက်မခံတာကြောင့် ကုန်ကားသမားတွေ အခက်တွေ့နေကြပါတယ်။

အခုလို ကုန်ပစ္စည်းနဲ့စက်သုံးဆီတွေ ကန့်သတ်လိုက်တာကြောင့် တအာင်းတပ်ထိန်းချုပ်ထားတဲ့ နမ္မတူ၊မန်တုံ၊ ကွတ်ခိုင်မြို့၊ KIA ထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ၁ဝ၅မိုင်တွေမှာ အောက်ပြည်ကနေ တက်လာမယ့် ကုန်ပစ္စည်းတွေ ဈေးမြင့်တာနဲ့ပစ္စည်းပြတ်လပ်တာတွေထိ ဖြစ်လာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာနိုင်ပါတယ်။

လက်ရှိ ကိုးကန့်တပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေဟာ တအာင်းတပ်ကို တစ်ဖက်တစ်လမ်းကနေ ဖိအားပေးတာဖြစ်နိုင်ပြီး လက်တွေ့မှာတော့ ဒီကန့်သတ်ပိတ်ဆို့မှုဟာ တအာင်းတပ်ကို တိုက်ရိုက်ထိခိုက်ခြင်းမရှိဘဲ လူထုတွေကိုသာ ပိုပြီးထိခိုက်သွားစေတဲ့ အခြေအနေဖြစ်လာပါတယ်။

ကိုးကန့်တပ်ရဲ့ ပိတ်ဆို့မှုကြောင့် ကွတ်ခိုင်တက်မယ့်ကုန်ကားတွေနဲ့ နမ္မတူဘက်ကိုဝင်မယ့် ကုန်ကားရာနဲ့ချီဟာ လမ်းမမှာ ရပ်စောင့်နေရပြီး လမ်းပြန်ဖွင့်မယ့်ရက်ကို စောင့်နေကြလျက်ရှိနေပါတယ်။

အချို့ကုန်ကားသမားတွေကတော့ အခြားလမ်းကိုရွေးချယ်အသုံးပြုသွားလာကြတာကြောင့် ကုန်ပစ္စည်းတွေ ပြတ်လပ်နိုင်တဲ့ အခြေအနေမရှိပေမယ့် မြို့အချို့မှာတော့ ကုန်ပစ္စည်း ဈေးနှုန်းကြီးမြင့်မှုကိုတော့ ကြုံတွေ့လာရနိုင်တဲ့ အန္တရာယ်မှာ ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။