ယာရူစိင်၊ ဒီဇင်ဘာ ၂၆ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပြန်အလှန်ပိတ်ဆို့ထားတဲ့ သီပေါတံတား ပြန်မဖွင့်ပေးတာကြောင့် ဒေသခံတွေအနေနဲ့ ကမ်းကူးခကို သိန်းချီပေးဆောင်နေရတယ်လို့ ယာဉ်မောင်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါတံတားပိတ်ထားဆဲ ဖြစ်နေတာကြောင့် သီပေါမြို့ဟောင်းမှာ ကားအမျိုးအစားပေါ် မူတည်ပြီး စစ်ကောင်စီတပ်က ကမ်းကူးခကို ၂ သိန်းကနေ ၅ သိန်းအထိ ကောက်ခံနေတယ်လို့ ပြောပါတယ်။
“တိမ်တောင်ဘက်ကမ်းက ကိုးကန့်တွေပေါ့။ ကျနောတို့က ကျောက်မဲကနေ သီပေါဘက်တက်လာတာလေ။ လားရှိုးဘက်သွားချင်ရင်တော့ စက်ကူးရတယ်။ အဲကမ်းနားမှာက စစ်တပ်က ပိုက်ဆံကောက်တယ်။ ကမ်းကူးပေးတဲ့ သူတွေတော့ အရပ်ဝတ်ပါပဲ။ သူတို့တပ်သားလည်း ဖြစ်နိုင်တယ်လေ။ တချို့ကျတော့လည်း ၅ သိန်းပေးရတဲ့သူတွေလည်း ရှိပါတယ်”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၆ နာရီကစပြီး သီပေါတံတားကို နှစ်ဖက်တပ်တို့ အပြန်အလှန်ပိတ်ထားခဲ့ပြီး မနေ့ ဒီဇင်ဘာ ၂၅ ရက်အထိ ပိတ်ထားဆဲပဲ ဖြစ်ပါတယ်။
“ကျမတို့ဆို ဟိုဘက်ကမ်းသွားဖို့ကို စက်ကူးရတယ်လေ။ အခုက တံတားပေါ်မှာလည်း လူအသွားအလာကို ပိုတင်းကြပ်လာတယ်။ တံတားပိတ်တုန်းကလိုမျိုး လူတွေ အသွားအလာကို သိပ်မပေးတော့ဘူး။ သူတို့ ပေးချင်တဲ့လူတွေပဲ ဖြတ်သွားရတယ်လေ”လို့ သီပေါမြို့ခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
ကားအမျိုးအစားပေါ် မူတည်ပြီး စက်ကူးခကို သိန်းချီပေးနေရသလို ဆိုင်ကယ် ၁ စီးကိုလည်း ၂ သောင်းကျပ် ပေးဆောင်နေတာပဲ ဖြစ်ပါတယ်။
နောက်ထပ် သီပေါမြို့ခံအမျိုးသား တစ်ဦးကလည်း”သူတို့ပုံစံက တံတားပိတ်ပြီး အပိုဝင်ငွေရအောင် ပိတ်တာနဲ့တူနေတယ်လေ။ တံတားပိတ်ပြီးတော့ ကမ်းကူးခိုင်းတယ်လေ။ ကမ်းကူးခလည်း ပေးရတော့ အဲဒီပိုက်ဆံတွေက သူတို့အတွက် ဝင်ငွေတခုပဲလေ။ သူတို့လုပ်ရပ်က ဒေသခံတွေကို တမင်သက်သက် ဒုက္ခပေးတာ”လို့ ပြောပါတယ်။
ဒါ့အပြင် သီပေါတံတား ပိတ်ထားတာကြောင့် ဒေသခံတွေက တာလုံရွာက ချောင်းကိုလည်းအသုံးပြုကြရပြီး ဆိုင်ကယ်၊ ကားတွေကိုတော့ အမျိုးအစားပေါ် မူတည်ပြီး ရှမ်းတပ် SSPP က ငွေကြေးကောက်ခံကာ ကမ်းကူးပေးတာဖြစ်ပါတယ်။
သီပေါတံတားကို နှစ်ဖက်တပ်တို့က ၅ ရက်အကြာ ပိတ်ပြီးတဲ့နောက်ပဲ နောင်ချို- ကျောက်ဂူလမ်းကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ကာ ဒါပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာတော့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။