လွေးထွေး၊ ဒီဇင်ဘာ ၂၃ ရက်
မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ရန်ကုန်တိုင်းမှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူတွေကို တည်းခိုခန်းနဲ့ ဟိုတယ်မှာတည်းခိုခွင့်မပေးတဲ့အပြင် လိုင်းကားတွေလည်း စီးခွင့်မရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၂၂ ရက်က မော်လမြိုင်သို့ရောက်နေတဲ့ ရှမ်းမြောက် နမ့်ဆန်မြို့နယ်က ခရီးသွားလူထုတွေကို မော်လမြိုင်ရှိ တည်းခိုခန်းနဲ့ ဟိုတယ်မှာ တည်းခိုခွင့် ကန့်သတ်ခံခဲ့ရပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူ နမ့်ဆန်မြို့နယ်မှ အမျိုးသားက “လောလောဆယ် အိပ်မဲ့နေရာမရသေးဘူး။ ပိုက်ဆံပိုပေးပါ့မယ် ပေးအိပ်ပါလို့ပြောလည်း မရဘူးတဲ့။ သက်ဆိုင်ရာက ခွင့်မပြုလို့တဲ့။ ဘာလဲငါတို့ ၁၃/ က နိုင်ငံသားမဟုတ်လို့လားပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် မော်လမြိုင်မြို့ကနေရန်ကုန်မြို့သို့သွားဖို့ လိုင်းကားတွေကလည်း ဘယ်ကားဂိတ်မှ ၁၃/ တွေကို သယ်ဆောင်လို့မရကြောင်း နောက်ထပ်နမ့်ဆန်ဒေသခံ တစ်ဦးက ဆိုပါတယ်။
”ကားစီးရဖို့ တမြို့လုံးကဂိတ်နှံ့နေပြီ မရပါဘူးတဲ့။ ပိုက်ဆံဘယ်လောက်ပေးပေးမရဘူးတဲ့” လို့ ပြောပါတယ်။
အလားတူ ရန်ကုန်မြို့က မြို့နယ်တချို့က ဟိုတယ်တွေမှာလည်း ၁၃/ တွေကို တည်းခိုခွင့်မပြုကြောင်း အသီးသီးစာကပ်ထားကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းက မြို့နယ်တချို့မှာလည်း ၁၃/ မှတ်ပုံတင် ကိုင်သူတွေကို ဌာနဆိုင်ရာနဲ့ စစ်ကောင်စီတပ်က အစစ်အဆေးပိုတင်းကြပ်ခဲ့ကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရသိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း ဘားအံနဲ့မော်လမြိုင်က စစ်ဆေးရေးဂိတ်မှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကျားဖျန့်လုပ်ကိုင်ကြောင်း စွတ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းစီးစစ်ဆေးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။