မိုင်းရူပ၊ ဖေဖော်ဝါရီ ၁ ရက်
စစ်ကောင်စီတပ် ဦးဆောင်ကျင်းပခဲ့တဲ့ ရှမ်းမြောက် ရွေးကောက်ပွဲမှာ သီပေါမြို့နယ်ကလွဲပြီး ကျန်နေရာအားလုံးကို စစ်တပ်ရဲ့ ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က လွှတ်တော်နေရာအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။
ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အပိုင်း (၁) မှာ လားရှိုး၊ နောင်ချို၊ မူဆယ်၊ အပိုင်း (၂) မှာ မိုင်းရယ်၊ တန့်ယန်း၊ အပိုင်း (၃) မှာ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေကို ထည့်သွင်းကျင်းပခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က အနိုင်ရခဲ့ပြီး ကျန်လွှတ်တော်နေရာအားလုံးကို USDP ကဘဲ အနိုင်ရရှိခဲ့ပါတယ်။
စစ်ကောင်စီ ဦးဆောင်းကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲလာပေးတဲ့ ပြည်သူနည်းပါးတာ၊ ရှမ်းမြောက်မှာ အရင် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မပါဝင်တာကြောင့် USDP ကဘဲ အပြတ်အသတ်အနိုင်ရရှိတဲ့ အခြေအနေလို့ ရှမ်းမြောက် ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို မြို့ပေါ်နေရာမှာဘဲ အများစုပြုလုပ်နိုင်တဲ့ တိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာတွေ ရွေးကောက်ပွဲ မကျင်းပနိုင်တာတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“မဲမထည့်တဲ့သူက များတယ်။ မဲလာထည့်တဲ့သူလည်း ကြံ့ခိုင်းရေးဘဲ ထည့်တာ။ ပြီးတော့ တစ်ဖက်ပါတီက စည်းရုံးရေးအားနည်းတာ တွေ့ရတယ်။ ဘက်ဂျက် နည်းတာပေါ့” လို့ ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် သူရဲ့အမြင်ကို ပြောပြပါတယ်။
စစ်ကောင်စီတပ်က ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းနဲ့ ကျင်းပခဲ့ပြီး အပိုင်း (၁) ကို မြို့နယ် (၁၀၂)၊ အပိုင်း (၂) ကိုမြို့နယ် (၁၀၀)နဲ့ အပိုင်း (၃) ကိုမြို့နယ် (၆၁) မှာ ကျင်းပခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်နေရာမှာ USDP က နေရာ ၂၃၀ ကျော်မှာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော်နေရာတွေ ရရှိထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လာမယ့် မတ်လကုန်မှာ လွှတ်တော်ခေါ်ပြီး အာဏာလွှဲပေးမယ်လို့ ပြောဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး ၅ နှစ်အကြာမှာ ရွေးကောက်ပွဲပြန်ကျင်းပတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအများစုက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။