ရွှေဖီမြေ၊ မတ်လ ၁၄ ရက်
လက်ရှိ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးနဲ့ ကြိုးစားအဖြေရှာသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ MNDAA က မန်ပိန်းကောင်းခါးလမ်းခွဲ၊ ကွတ်ခိုင်ဗျူဟာကုန်း၊ ကွတ်ခိုင် ရှုခင်းသာရှိ ကာကင်းကုန်း၊ ကွတ်ခိုင် လွယ်ဆမ်ဆစ်တောင်ကုန်း၊ မုံးစီး၊ မုံးဟွမ်၊ ရှောက်ဟော်၊ လွယ်ကန်၊ မန်ဂျယ်၊ နမ့်ဖတ်ကာ စတဲ့နေရာက TNLA ရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက် ပစ်ခတ်တိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနက် ၁၁ နာရီဝန်းကျင်မှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်နဲ့ တရုတ်-မြန်မာနယ်စပ် ကျင်ဆန်းကျော့ဂိတ်မှာ တာဝန်ကျနေတဲ့ TNLA တပ်သား ၄၇ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ရဲ့ လက်နက် ၄၈ လက်နဲ့ ဖုန်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်မှာလည်း ကွတ်ခိုင် နမ့်ဟူးကြီးနဲ့ လွယ်ကန်ရွာကြားရှိ TNLA တပ်စခန်းကို ကိုးကန့်တပ်ဘက်က လာရောက်ပစ်ခတ်ခဲ့သလို မတ်လ ၄ ရက်မှာလည်း မော်ဟန်ရွာအနီးရှိ TNLA တပ်စခန်းကို လာရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
TNLA အနေနဲ့ ညနေ ၅ နာရီအထိ MNDAA ကို ပြန်လည် ပစ်ခတ်ခဲ့တာ မရှိဘဲ မိမိကိုယ်ကိုသာ ခုခံကာကွယ်မှုသာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့တွင်းက MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်လံ ဖြုတ်သိမ်းခဲ့ပြီး CCTV နဲ့အတူ ဆက်စပ်ပစ္စည်းတွေကိုလည်း MNDAA တပ်ဖွဲ့ထံ ပြန်အပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နောက်ပိုင်း MNDAA အနေနဲ့ TNLA တပ်သား ၆၇ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက် ၅၃ လက်ကိုလည်း သိမ်းဆည်းခဲ့ပေမဲ့ TNLA ဘက်က MNDAA တပ်ကို တစုံတရာ တုန့်ပြန်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ TNLA ရဲ့ တပ်သားတချို့ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး လက်နက်တွေလည်း ပြန်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
MNDAA တပ်ကလည်း TNLA ဘက်က စတင်ပစ်ခတ်လို့ ပြန်လည်ခုခံခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။