သုတ၊ မတ်လ ၁၀ ရက်၊ တကောင်း
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မြို့နဲ့ နှစ်မိုင်ခန့်အကွာ ရောက်ရှိလာတယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းဟာ မနေ့ မတ်လ ၉ ရက်အထိ တကောင်းမြို့အနီးရှိ မကျီးကုန်းနဲ့ ဆင်ညှပ်ကုန်းရွာဘက် ရောက်ရှိလာပြီး တော်လှန်ရေးတပ်တွေဘက်က မြို့လက်မလွှတ်ရရေး အပြင်းအထန် ခုခံနေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်ဘက်က ဒရုန်းနည်းပညာ အားသာချက်ကြောင့် တော်လှန်ရေးတပ်ဘက်က နယ်မြေတွေကို ဆက်လက်ထိန်းချုပ်ဖို့ အခက်အခဲ ရှိနေတယ်လို့ တကောင်းမြို့တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မြေပြင်စစ်ကြောင်းမှာ တော်လှန်ရေးတပ်ဘက်က အားနည်းချက် မရှိဘူး။ အဓိက အားနည်းချက်က နည်းပညာပေါ့။ စကစတွေရဲ့ ဒရုန်းကျတော့ အချိန်ပြည့် တက်လို့ရတယ်။ ကျနော်တို့ဘက်ကျတော့ ဒရုန်းတွေက တက်မရဘူး။ ဒရုန်းနည်းပညာ အားသာချက်က နယ်မြေတွေ လက်လွှတ်နေရတဲ့ အဓိကအကြောင်းရင်း ဖြစ်တာပေါ့”
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေမှာလည်း တကောင်းမြို့အနီးရှိ မကျီးကုန်းနဲ့ ဆင်ညှပ်ကုန်းရွာကို ပြန်သိမ်းနိုင်ခဲ့ပြီလို့ မနေ့ မတ်လ ၉ ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တကောင်းမြို့ကို ပြန်ရဖို့ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးရှိ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ် (၁၃)တပ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
တကောင်းမြို့ကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ခဲ့ရရင် မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့အားလုံး စစ်ကောင်စီလက်အောက် ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲ NUG လက်အောက်ခံတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။