ရွှေဖီမြေ၊ ဇန်နဝါရီ ၁၀ ရက်၊ သီပေါ
မနေ့ ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သီပေါမြို့နယ်ထဲက ကျားဖြန်ရုံနဲ့ ပါဝင်ပတ်သက်တာမရှိဘူးလို့ SSPP က ဒီနေ့ ဇန်နဝါရီ ၁၀ရက်ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
SSPP ထိန်းချုပ်ထားတဲ့ဒေသမှာ ၎င်းတို့အနေနဲ့ တရားမဝင်လုပ်ငန်းတွေကို မရှိစေဖို့အတွက် တားမြစ်ကြေညာချက်တွေ အကြိမ်ကြိမ်ထုတ်ပြန်ထားတာဖြစ်တာကြောင့် အဲဒီတရားမဝင်လုပ်ငန်းကိစ္စနဲ့ ပါဝင်ပတ်သက်တဲ့သူတွေကိုလည်း SSPP က စိစစ်အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သီပေါမြို့နယ်အတွင်းရှိ နမ့်ကုံးကျေးရွာအနီး၊ ဟန်းဆိုင်ကျေးရွာအနီးနဲ့ နားပျန်ကျေးရွာအနီးတွေမှာလည်း စစ်ကောင်စီတပ်က မနေ့ ဇန်နဝါရီ ၉ ရက် မနက် ၉ နာရီခွဲကနေ ည၈ နာရီခွဲဝန်းကျင်အတွင်းမှာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် ညကလည်း သီပေါမြို့နယ် နမ့်စောင်ချောင်းမှာရှိတဲ့ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန်ရုံအစောင့်တွေနဲ့လည်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာလည်း သီပေါမြို့နယ် ပန်စင်ရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ SSPP တပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။